အရှေ့အလယ်ပိုင်းဒေသမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးကြုံတွေ့ရတဲ့ အီရန်နိုင်ငံရဲ့ အဓိပတိခေါင်းဆောင်က အမေရိကန်နဲ့ ဗြိတိန်မှ ကာကွယ်ဆေးများ တင်သွင်းခြင်းမပြုရန် ယနေ့ (ဇန်နဝါရီ ၈ ရက်) တားမြစ်လိုက်ပြီး အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေဟာ မယုံကြည်ရကြောင်း ပြောဆိုလိုက်ပါတယ်။
(အီရန်ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု) (Photo: AP)
ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းအတွင်း အီရန်ရဲ့ ကာလရှည်ကြာ ရန်ဘက်တွေဖြစ်တဲ့ အနေက်အုပ်စု နှစ်နိုင်ငံက အခြား နိုင်ငံတွေကို ရောဂါကူးစက်ပျံ့နှံ့စေရန် လုပ်ဆောင်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီက ဆိုပါတယ်။ အီရန်အနေနဲ့ အခြား ယုံကြည်ရတဲ့ နေရာများမှ COVID-19 ကာကွယ်ဆေးများ ရရှိနိုင်ကြောင်းလည်း ၎င်းကပြောပါတယ်။ ခါမေနီက အသေးစိတ်ကို ထုတ်ဖော်မပြောခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားတို့ဟာ အီရန်ရဲ့ မဟာမိတ်တွေ ဖြစ်ကြပါတယ်။
"အမေရိကန်နဲ့ ဗြိတိန်ကနေ ကာကွယ်ဆေးများ တင်သွင်းမှုတွေကို တားမြစ်ပိတ်ပင်ပါတယ်၊ သူတို့က လုံးဝ မယုံကြည်ရပါဘူး" လို့ ခါမေနီက ပြောဆိုပါတယ်။ "အနောက်အုပ်စုထဲက ပြင်သစ်နိုင်ငံရဲ့ HIV ပိုးပါတဲ့ သွေးအထောက်အပံ့တွေ ကျွန်တော်တို့ ကြုံတွေ့ဖူးပါတယ်၊ ပြင်သစ်ကာကွယ်ဆေးတွေကလည်း မယုံကြည်ရပါဘူး" လို့ ခါမေနီက ၁၉၈၀ ပြည့်လွန်နဲ့ ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း HIV ပိုးပါတဲ့ သွေးကိစ္စအရှုပ်အထွေးကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
(အီရန်ခေါင်းဆောင်ကြီး ခါမေနီ) (Photo: Reuters)
အီရန်နိုင်ငံက ၎င်းတို့ရဲ့ ပထမဆုံး ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်နေပြီး အမေရိကန်အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပေမဲ့ ထိုကာကွယ်ဆေးက အီရန်ရဲ့ ကပ်ရောဂါတိုက်ဖျက်ရေးကို အကူအညီဖြစ်စေမယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ ၂၀၁၈ ခုနှစ်မှာ သမ္မတဒေါ်နယ်ထရန့်က ၂၀၁၅ အီရန်နျူကလီးယားအရေး သဘောတူညီချက်ကို ပယ်ဖျက်လိုက်စဥ်ကစပြီး ဆက်ဆံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။
ထို့နောက် နျူကလီးယားအစီအစဥ်၊ ပဲ့ထိန်းဒုံးကျည်တည်ဆောက်မှုနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ခြင်းတို့အတွက် အမေရိကန်က အီရန်ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို တုံ့ပြန်မှုအဖြစ် အီရန်ကလည်း နျူကလီးယားသဘောတူညီချက်တွေကို တဖြည်းဖြည်း ချိုးဖောက်လာခဲ့ပါတယ်။
(အမေရိကန်ထုတ် Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး) (Photo: Konstantinos Tsakalidis/Bloomberg)
အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က အီရန်က အပြည့်အဝ လိုက်နာဆောင်ရွက်ပါက နျူကလီးယားအရေး သဘောတူညီမှုမှာ ပြန်လည်ပါဝင်မယ်လို့ ပြောထားပါတယ်။ ခါမေနီကတော့ နျူကလီးယားအရေး သဘောတူညီမှုမှာ အမေရိကန် ပြန်လည်ပါဝင်လာရေး အီရန်က အလျင်မလိုကြောင်း၊ သို့သော် အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချက်ချင်း ရုပ်သိမ်းပေးရမယ်လို့ ဆိုပါတယ်။ အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးကြုံရတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၂ သန်းကျော်၊ သေဆုံးသူ ၅၆,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။