Apple App Store ရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ဝင်ငွေဟာ ၂၀၁၉ ခုနှစ်ကထက် ၂၈% ထိ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
CNBC ရဲ့ ဈေးကွက်လေ့လာမှုအရ Apple App Store ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ဒေါ်လာ ၆၄ ဘီလျံ ဝင်ငွေရရှိခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာ App Store ကနေ ဒေါ်လာ ဘီလျံ ၅၀ ခန့် ရှာပေးနိုင်ခဲ့တာပါ။ Apple App Store ဝင်ငွေတိုးမှုအနေနဲ့ ဒါဟာ အတော်လေးကို ကြီးမားတဲ့ပမာဏဖြစ်ပါတယ်။ App Store ဟာ ၂၀၁၈ နဲ့ ၂၀၁၉ အကြား ၃.၁% ပဲ တိုးခဲ့တာ ဖြစ်ပါတယ်။
Photo: CNBC
"COVID-19 ကပ်ဘေးအတွင်းမှာ App Store ရောင်းအားဟာ တိုးတက်အားကောင်းခဲ့ပါတယ်။" လို့ CNBC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Apple ကတော့ နှစ်အလိုက် App Store ဝင်ငွေဘယ်လောက်ရသလဲဆိုပြီး ရှင်းတမ်းထုတ်ခဲ့ခြင်း မရှိပါဘူး။ ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်ကစပြီး Developers တွေကို ဒေါ်လာဘီလျံ ၂၀၀ ပေးခဲ့တယ်လို့ပဲ ထုတ်ပြန်ခဲ့တာပါ။
၂၀၁၈ ခုနှစ်က Apple App Store ဟာ ဒေါ်လာ ၄၈.၅ ဘီလျံ ဝင်ငွေ ရရှိခဲ့တာပါ။ ဒီနှစ်က စပြီး Apple ဟာ တစ်နှစ်ကို ဒေါ်လာ ၁ သန်းအောက် ရှာနိုင်တဲ့ developer ငယ်တွေအတွက် ကော်မရှင်ကြေး ၃၀% အစား ၁၅% ပဲ ကောက်ခံတော့မှာဖြစ်ပါတယ်။ တစ်နှစ်လုံး အတိုင်းအတာအနေနဲ့ ဒေါ်လာ ၁ သန်းနဲ့ အထက် ဝင်တဲ့ App Store ပလက်ဖောင်းသုံးသူ Developer တွေကိုတော့ ပုံမှန်အတိုင်း ၃၀% ကောက်သွားမှာပါ။
ကော်မရှင်ကြေးမြင့်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Apple ကို စီးပွားရေးလုပ်ထုံးမသမာမှု ၊ ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေနဲ့ တရားစွဲသူတွေ ပေါ်လာခဲ့ပါတယ်။ မနှစ်ကလည်း နာမည်ကြီး Fortnite ဂိမ်းကုမ္ပဏီ Epic Games ဟာ ကိုယ်ပိုင် in-app ငွေချေမှုစနစ် သုံးရာကနေ Apple ၊ Google တို့ရဲ့ App Store တွေနဲ့ ပြဿနာတက်ခဲ့ပြီး အပြန်အလှန်တရားစွဲဆိုခဲ့ပါတယ်။