ဇန်နဝါရီ ၁၁ ရက် (ဒီနေ့) မိတ်ဆက်မယ်လို့ သတင်းပြေးနေတဲ့ OnePlus ရဲ့ ပထမဆုံးစမတ်လက်ပတ်အကြောင်း သတင်းသစ်တွေ ထွက်ပေါ်လာနေပါတယ်။
OnePlus Band သစ်ကို အိန္ဒိယဈေးကွက်မှာ အရင်ဆုံး မိတ်ဆက်သွားမှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ရူပီး ၂၄၉၉ (မြန်မာငွေ ၄ သောင်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ သတင်းပြေးနေပါတယ်။ OnePlus Band ရဲ့ အားသာချက်ကသီးသန့် နှလုံးခုန်တိုင်းစနစ် ၊ အိပ်စက်မှုခြေရာခံစနစ်နဲ့ သွေးတွင်း အောက်ဆီဂျင်အခြေအနေတိုင်း SpO2 sensor တို့ သုံးထားခြင်းပဲ ဖြစ်ပါတယ်။

Photo: 91mobiles
ဘက်ထရီပါဝါ မသိရသေးပေမယ့် ဘက်ထရီအားအနေနဲ့ ၁၄ ရက်အထိ အသုံးခံမယ်လို့ ဆိုပါတယ်။ smartband ပေါ်မှာ အထိအတွေ့သိ ၁.၁ လက်မ AMOLED display ပါရှိမှာ ဖြစ်ပြီး ရေစိုဖုန်တင်မှုဒဏ်ကို အမြင့်ဆုံးခံနိုင်ရည်ဖြစ်တဲ့ IP68 rating နဲ့လာပါတယ်။ ယောဂအားကစား ၊ ရေကူးခြင်းနဲ့ ခရစ်ကတ်အပါအဝင် အားကစားနည်းပေါင်း ၁၃ မျိုးကိုလည်း OnePlus Band က support ပေးနိုင်မှာ ဖြစ်ပါတယ်။
Amazon India မှာ OnePlus Band ဟာ dual-tone ဒီဇိုင်း ကာလာ ၃ ရောင်နဲ့ လာမယ်လို့ ဖော်ပြထားပါတယ်။ အရောင်အနေနဲ့ အနက် ၊ ငွေရောင်-လိမ္မော်စပ်နဲ့ အပြာတို့ဖြစ်မှာပါ။ OnePlus Band ဟာ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်လက်ပတ်တစ်ခုဖြစ်ပြီး Xiaomi MI Band 5 နဲ့ တိုက်ရိုက်ယှဉ်ပြိုင်သွားမှာပါ။ ဆက်သွယ်မှုအနေနဲ့ OnePlus Health app နဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး ဒီ app ကိုလည်း Google Play Store ကနေ ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။
OnePlus ဟာ ဒီနှစ်ထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီဖြစ်တဲ့ OnePlus Watch ကိုလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ OnePlus CEO ပီတီလောင်ကတော့ ပြီးခဲ့တဲ့လကပဲ OnePlus စမတ်နာရီကို ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ဖြန့်ချိဖို့ စီစဉ်ထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။