ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဖြစ်စေဖို့ ၅၄ နှစ်ကြာ ကျင်းပလာခဲ့တဲ့ နာမည်ကြီး Consumer Electronics Show ကို အွန်လိုင်းပွဲအနေနဲ့ ပထမဆုံးအကြိမ် စတင်ကျင်းပသွားတော့မှာပါ။
ဇန်နဝါရီ ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ ကျင်းပသွားမယ့် CES 2021 ပွဲမှာ စမတ်တီဗွီ ၊ ဒီဂျစ်တယ်နည်းပညာသစ်တွေနဲ့ ထုတ်ကုန်သစ်တွေကို ကြေညာသွားမှာပါ။ CES 2021 ပွဲမှာ အခုပြောမယ့် ထုတ်ကုန်နဲ့နည်းပညာတချို့ကို မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
(၁) 5G

Photo: variety
အရင်နှစ်ကလိုပဲ 5G ဟာ CES 2021 ပွဲကို လွှမ်းမိုးနေမယ့် ခေါင်းစဉ်တစ်ခုဖြစ်ပါလိမ့်မယ်။ Verizon CEO ဟန်းစ်ဗက်ဘာ့ဂ်ကလည်း ဒီပွဲမှာ ကုမ္ပဏီရဲ့ 5G ကွန်ရက်အစီအစဉ်တွေအကြောင်း ဆွေးနွေးသွားဖို့ ရှိပါတယ်။ တခြားတယ်လီကွန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ AT&T Business ရဲ့ CEO လည်း 5G အကြောင်း ပြောသွားဖို့ ရှိပါတယ်။
(၂) Health Tech
နည်းပညာအခြေပြုကျန်းမာရေးကဏ္ဍဟာ CES ပွဲမှာ စိတ်ဝင်စားစရာအကြောင်းအရာ ဖြစ်လာဖို့ ရှိပါတယ်။ ကျန်းမာရေးအသုံးအဆောင် Gadgets များ ၊ Fitness Tracker နဲ့ စမတ် Wearables သစ်များလည်း CES ပွဲမှာ မြင်တွေ့ရဖို့ ရှိပါတယ်။
(၃) ဒီဂျစ်တယ်ကူးပြောင်းမှု
Photo: pcmag
COVID-19 ကြောင့် ပြီးခဲ့တဲ့နှစ်ကစပြီး ပွဲတွေနဲ့ အစည်းအဝေးတွေအားလုံး အွန်လိုင်းဖြစ်ကုန်ပါတယ်။ ၂၀၂၀ ကို လွှမ်းမိုးခဲ့တဲ့ နည်းပညာအသုံးအနှုန်းတွေထဲမှာ Telehealth ၊ Work From Home ၊ Remote Learning နဲ့ Streaming စတာတွေက ခေတ်စားခဲ့ပါတယ်။ ဒီနှစ် CES ပွဲမှာလည်း ဒီအကြောင်းအရာတွေကိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမိတ်ဆက်သွားဖို့ ရှိပါတယ်။ အဆင့်မြင့် AR tools တွေနဲ့ ဂိမ်းပိုင်း အဆင့်မြှင့်တင်မှုတွေလည်း မြင်ရဖို့ နီးစပ်နေပါတယ်။
(၄) စမတ် Home
လူသန်းပေါင်းများစွာ Stay Home နေကြချိန်မှာ ကုမ္ပဏီတွေဟာ အိမ်တွေကို စမတ်အိမ် ၊ မီးဖိုချောင်တွေကို စမတ်မီးဖိုချောင်အဖြစ် ပြောင်းလဲနိုင်မယ့် ထုတ်ကုန်သစ်တွေ ထုတ်ဖို့ ရှိပါတယ်။ ABI Research သုတေသနမန်နေဂျာ ယောနသံကောလင်းရဲ့အဆိုအရ ကပ်ဘေးကြီးအတွင်းမှာ Social နဲ့ Educational Robots တွေ သုံးချင်လာအောင် ဆွဲဆောင်မှု မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် CES ပွဲမှာလည်း စက်ရုပ်နဲ့ အသံထိန်းချုပ်စနစ်သုံး အိမ်တွင်းသုံးထုတ်ကုန်သစ်တွေ အများအပြားတွေ့ရဖို့ ရှိပါတယ်။
(၅) Samsung Galaxy S21
Photo: GSMArena
Galaxy S21 ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်လို့ CES ပွဲထဲမှာ ထည့်လိုက်ပါတယ်။ Galaxy S21 စီးရီးဟာ အရင်နှစ်ကထက် ဈေးပိုသက်သာလာပြီး ကင်မရာစွမ်းဆောင်ရည်ပိုမြှင့်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်။