• Featured

    အမေရိကန်မှာ ပြည်တွင်းစစ်ကာလနောက်ပိုင်း ပထမဆုံးအကြိမ် စစ်သားများ လွှတ်တော်ထဲမှာ စခန်းချ

စစ်သားတွေက အီဗရာဟမ်လင်ကွန်းရဲ့ ရုပ်တုအနီးနဲ့ အခြား လျှောက်လမ်းနေရာတွေမှာ အိပ်စက်ခဲ့ကြပါတယ်။

အမေရိကန်မှာ ပြည်တွင်းစစ်ကာလနောက်ပိုင်း လွှတ်တော်အဆောက်အအုံအတွင်း စစ်သားများ ပထမဆုံးအကြိမ် တပ်စွဲနေရာယူမှုအဖြစ် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၂ ရက်ညမှာ ညအိပ်စခန်းချနေထိုင်ခဲ့ကြပါတယ်။

image

(Photo: AP)

လွှတ်တော်အဆောက်အအုံကို ဖြစ်ပွားလာနိုင်ဖွယ်ရှိတဲ့ ဆူပူအကြမ်းဖက်မှုမှ ကာကွယ်ရန် စစ်သားများက စောင့်ကြပ်နေရာယူထားခဲ့ကြတာ ဖြစ်ပါတယ်။ အမျိုးသားအစောင့်တပ်ဖွဲ့ စစ်သားတွေက လွှတ်တော်အဆောက်အအုံအတွင်း သမ္မတအီဗရာဟမ်လင်ကွန်းရဲ့ ကိုယ်တစ်ပိုင်းပုံရုပ်တုအနီးနဲ့ အခြား လျှောက်လမ်းနေရာတွေမှာ အိပ်စက်ခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အီဗရာဟမ်လင်ကွန်းဟာ ၁၈၆၁ မှ ၁၈၆၅ ခုနှစ်အတွင်း အမေရိကန် ၆၂၀,၀၀၀ သေဆုံးခဲ့တဲ့ ပြည်တွင်းစစ်ကာလမှာ သမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ အမေရိကန်စစ်သားများ လွှတ်တော်အဆောက်အအုံထဲမှာ နောက်ဆုံးဝင်ရောက် စခန်းချနေထိုင်ခဲ့မှုဟာ ၁၈၆၁ ခုနှစ် ဧပြီ ၁၅ ရက်နေ့က ဖြစ်တယ်လို့ဆိုပါတယ်။

(Photo: AP)

ထိုစဥ်က မက်ဆာချူးဆက်၊ နယူးယော့ခ်၊ ပင်ဆယ်ဗေးနီးယားနဲ့ ဝါရှင်တန်ဒီစီတို့မှ စစ်သားတွေက လွှတ်တော်အဆောက်အအုံကို စစ်ပွဲကာလ စစ်တန်းလျားတစ်ခုအဖြစ် အသုံးပြုခဲ့ကြကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ကွန်ဂရက်လွှတ်တော်က ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန် အစည်းအဝေးပြုလုပ်စဥ် လက်ရှိသမ္မတဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံအတွင်း ဆူပူအကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။

(Photo: AP)

လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး လူ ၇၀ ကို စွဲချက်တင်ထားကြောင်းနဲ့ အခြား လူ ၁၇၀ ကို မည်သူဖြစ်ကြောင်း ခွဲခြားဖော်ထုတ်ထားပြီး ဖြစ်တယ်လို့ FBI က ပြောခဲ့ပါတယ်။ လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက်မှုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် သမ္မတထရန့်ကို ဒီမိုကရက်တို့ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က (House of Representative) စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရန် ဆောင်ရွက်လာခဲ့ပါတယ်။

ထရန့်ကို စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုကို ဇန်နဝါရီ ၁၃ ရက်နေ့ ဝါရှင်တန်ဒီစီ စံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ပြုလုပ်မယ်လို့ ဆိုပါတယ်။ ဒီမိုကရက်တို့ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်မှာ ထရန့်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲအတည်ပြုနိုင်ဖွယ်ရှိနေပါတယ်။

(Photo: AP)

အောက်လွှတ်တော်မှာ အတည်ပြုခဲ့ပါက ထရန့်ဟာ သမ္မတသက်တမ်းတစ်ခုအတွင်း စွပ်စွဲပြစ်တင်စစ်ဆေးမှု နှစ်ကြိမ်ခံရတဲ့ အမေရိကန်သမ္မတဖြစ်လာမယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း ထရန့်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲပေးသွားမယ်လို့ ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် အနည်းဆုံးသုံးဦးက ထုတ်ဖော်ပြောခဲ့ပါတယ်။

အောက်လွှတ်တော်မှာ မဲခွဲအတည်ပြုနိုင်ခဲ့ပါက အထက်လွှတ်တော် (Senate) မှာ ထိုကိစ္စရပ်ကို ဆက်လက် ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ထရန့်ကို စွပ်စွဲပြစ်တင်မှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ရန် လွှတ်တော်အမတ်အများစုဖြစ်တဲ့ သုံးပုံနှစ်ပုံက ထောက်ခံရန်လိုအပ်ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က