• Featured

    ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမည့် WHO ပညာရှင်အဖွဲ့ တရုတ်သို့ရောက်ရှိနေပြီဖြစ်

WHO ပညာရှင်အဖွဲ့ဟာ ကိုဗစ်စည်းမျဥ်းအရ လက်ရှိမှာ နှစ်ပတ်ကြာ အသွားအလာကန့်သတ် နေထိုင်လျက်ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို စတင်စုံစမ်းစစ်ဆေးသွားတော့မှာ ဖြစ်ပါတယ်။

image

(Photo: AP)

ကာလရှည်ကြာ စောင့်ဆိုင်းနေခဲ့တဲ့ ယခုစုံစမ်းစစ်ဆေးမှုဟာ WHO နဲ့ တရုတ်အစိုးရကြာ လနဲ့ချီတဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်တွေ့ အကောင်အထည်ပေါ်လာတော့မယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင် ၁၀ ဦး ပါဝင်တဲ့ WHO အဖွဲ့က သုတေသနဌာများ၊ ဆေးရုံများနဲ့ ကနဦး ကူးစက်မှုနဲ့ဆက်နွယ်တဲ့ ပင်လယ်စာဈေးတို့မှ လူတွေကို တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ COVID-19 ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ပထမဆုံး တွေ့ရှိခဲ့ရပါတယ်။



ကိုရိုနာဗိုင်းရပ်စ် အငြင်းပွားမှုတွေအလယ်က ဝူဟန်ဓာတ်ခွဲခန်း

WHO အဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက တရုတ်သို့ရောက်ရှိလာစဥ် နိုင်ငံမြောက်ပိုင်းမှာ ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်နေချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ COVID-19 စတင်တွေ့ခဲ့ရတဲ့ ဝူဟန်မြို့မှာတော့ အခြားနေရာတွေနဲ့ နှိုင်းယှဥ်ပါက ပုံမှန်အခြေအနေ ပြန်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

(Photo: Reuters)

WHO ပညာရှင်အဖွဲ့ဟာ COVID-19 စည်းမျဥ်းအရ လက်ရှိမှာ သီတင်းနှစ်ပတ်ကြာ အသွားအလာကန့်သတ် နေထိုင်လျက်ရှိပါတယ်။ ဟိုတယ်မှာ အသွားအလာကန့်သတ် နေထိုင်နေစဥ်အတွင်း တရုတ်တာဝန်ရှိသူတွေနဲ့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးသွားမယ်လို့ WHO အဖွဲ့က ဆိုပါတယ်။ WHO ပညာရှင်တွေက တရုတ်တာဝန်ရှိသူတွေ ပေးအပ်လာမယ့် နမူနာတွေနဲ့ အထောက်အထားတို့အပေါ် အမှီပြုတဲ့ သုတေသန လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

"ဘာဖြစ်ခဲ့တယ်ဆိုတာ အပြည့်အစုံ မသိနားမလည်ခင် အလွန်ရှည်ကြာတဲ့ခရီးတစ်ခု ဖြစ်နိုင်ပါတယ်၊ ဒီ ကနဦးမစ်ရှင်အပြီးမှာ ရှင်းလင်းတဲ့အဖြေတွေ ကျွန်တော်တို့ ရလိမ့်မယ်လို့ မထင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ အဖြေတွေရဖို့ လမ်းကြောင်းပေါ်မှာရှိနေပါမယ်" လို့ WHO အဖွဲ့ခေါင်းဆောင် Peter Ben Embarek က တရုတ်ခရီးစဥ်မတိုင်မီ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Getty Images)

WHO အဖွဲ့ဟာ မူလက ဇန်နဝါရီလ အစောပိုင်းမှာ တရုတ်သို့လာရောက်ရန် စီစဥ်ထားခဲ့ပေမဲ့ ပြည်ဝင်ခွင့်မရမှုကြောင့် နှောင့်နှေးခဲ့ပါတယ်။ တရုတ်အစိုးရက နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ပြည်ဝင်ခွင့်မပေးသေးခြင်းအပေါ် အလွန်စိတ်ပျက်မိကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus ဇန်နဝါရီ ပထမပတ်အတွင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

၂၀၂၀ မှာ ချန်ထားခဲ့လို့မရတဲ့အရာ သို့မဟုတ် ကိုဗစ်ကပ်ရောဂါ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နားလည်မှုလွဲမှားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း စတင်တွေ့ခဲ့ရတဲ့ အစောပိုင်း ကူးစက်မှုတွေကို တရုတ်အစိုးရက ဖုံးကွယ်ထားခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်အလယ်ပိုင်း ဟူးဘေးပြည်နယ် ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်များ ရောင်းချနေတဲ့ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့ကြောင်း ယူဆထားကြပါတယ်။ အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံအချို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ အရေးပါတဲ့ တရုတ်ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့တယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ထို့နောက် ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်လာမှုနဲ့အတူ တင်းမာမှုတွေ ဖြစ်လာခဲ့ပြီး အထူးသဖြင့် တရုတ်နဲ့ အမေရိကန်တို့ကြား ထင်မြင်ယူဆချက်ကိုယ်စီဖြင့် အပြန်အလှန် အပြစ်တင်ကာ ဆက်ဆံရေးတင်းမာခဲ့ကြပါတယ်။

Share

Loading Next Article...
က္က