Samsung ဟာ ဒီနှစ် Galaxy S series ဖုန်းသစ်သုံးမျိုးကို အတန်းအစားနှစ်မျိုး ခွဲလိုက်တယ်လို့ ဆိုနိုင်ပါတယ်။
Ultra မော်ဒယ်ဟာ နည်းပညာအရ အထက်ဆင့်တစ်နေရာမှာ သီးခြားရပ်တည်နေပြီး Galaxy S21 နဲ့ S21+ တို့ကတော့ upgrades များများစားစား သိပ်မလုပ်ထားသလို display နဲ့ ဒီဇိုင်းတချို့ကိုပါ လျှော့ချထားပါတယ်။ ကောင်းတဲ့အချက်က အရင်နှစ်ကထွက်ခဲ့တဲ့ ၂၀၂၀ မော်ဒယ်ထက် ယူရို ၅၀ ဈေးပိုသက်သာလာတာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာဒီဇိုင်းပိုင်းမှာ တခြား ထုတ်ကုန်တွေနဲ့ ကွဲပြားတဲ့ Contour-Cut ကင်မရာ ၊ Dual-Tone Paint ပုံစံနဲ့လာပါတယ်။
Curved screen ပါမှ ပရီမီယံဆန်တယ်လို့ ယူဆနေကြချိန်မှာ Galaxy S21/S21+ တို့ဟာ Flat Screen နဲ့ လာပြီး ဘေးဘောင်သားလေးတွေ မြင်နေရပါတယ်။ Screen ဒီဇိုင်းအနေနဲ့ Infinity-O display ဒီဇိုင်းသုံးထားပြီး Dynamic AMOLED 2x display အမျိုးအစားဖြစ်ပေမယ့် အရင်နှစ်ကလို 1440p+ မဟုတ်တော့ပါဘူး။ Galaxy S21/21+ တို့ဟာ 1080p+ display ပဲ ပါရှိပြီး refresh rate အနေနဲ့ Content ပေါ် လိုက်ပြီး 48Hz ကနေ 120Hz အထိ ချိန်ညှိနိုင်မှာပါ။

Photo: GSMArena
display ရဲ့ အောက်မှာ ထားလာတဲ့ Ultrasonic sensor ဟာ အရင်နှစ်ကထက် ၇၀% ပိုကျယ်ပြန့်လာပြီး လက်ဗွေစနစ်သုံးရတာ ပိုပြီး လွယ်ကူအဆင်ပြေလာမှာပါ။ Infinity-O display ထဲမှာ အရင်လိုပဲ 10MP selfie ကင်မရာ ဆက်သုံးထားပါတယ်။ ကျောဘက်ကင်မရာအိမ်ဟာ ကင်မရာ သုံးလုံးသုံးထားပြီး ဒီကင်မရာသုံးလုံးစလုံးကနေ တချိန်တည်းမှာ Live preview ကို ကြည့်နိုင်မှာပါ။
ကင်မရာစနစ်အနေနဲ့ OIS စနစ်ပါ 12MP Dual Pixel AF Wide sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် 12MP ultrawide angle sensor နဲ့ 64MP Tele ကင်မရာတို့ သုံးထားပါတယ်။ Tele ကင်မရာဟာ 3x lossless zoom (Autofocus နဲ့ OIS ပါ) နဲ့ 30x Space Zoom တို့လည်း ပံ့ပိုးထားပါတယ်။ ဗွီဒီယိုအနေနဲ့ ပြီးခဲ့တဲ့နှစ်ကအတိုင်း 8K 24fps ဗွီဒီယိုတွေ ရိုက်ကူးနိုင်မှာပါ။ ဖုန်းနှစ်မျိုးစလုံးဟာ ဈေးကွက်ပေါ်လိုက်ပြီး 5nm Snapdragon 888 SoC နဲ့ Exynos 2100 SoC တို့နဲ့ လာပါတယ်။
Galaxy S21 5G ဟာ ဖုန်းသုံးလုံးစလုံးမှာ compact အဖြစ်ဆုံးမော်ဒယ်ဖြစ်ပြီး ၆.၂ လက်မ Screen နဲ့လာပါတယ်။ ရှေ့မှန်ကို Gorilla Glass Victus မှန် အုပ်ထားပြီး ကျောဘက် panel က မှန်အစစ်မဟုတ်ပါဘူး။ 120Hz refresh rate ပါပေမယ့် Adjustable Refresh Rate တာကြောင့် ပါဝါသုံးစွဲမှု ပိုသက်သာလာပါတယ်။ ဒီနှစ် ထွက်လာတဲ့ Galaxy S21 ဖုန်းအားလုံးမှာ 4G-Only ဗားရှင်း မပါတော့ပါဘူး။ Galaxy S21+ 5G ဟာ 4800mAh ဘက်ထရီ ပါရှိပြီး Charging အနေနဲ့ ဖုန်းသုံးမျိုးစလုံးဟာ အတူတူပါပဲ။
Photo: GSMArena
ဖုန်းဘူးထဲမှာ Charger မပါတော့ပေမယ့် သင့်တော်ရာ USB Power Delivery Charger တွေနဲ့ တွဲပြီး အားသွင်းနိုင်မှာပါ။ 25W wired charging စနစ် ဖြစ်ပြီး Wireless charging အနေနဲ့ 15W အဝင်နဲ့ 9W အထွက် support ပေးထားပါတယ်။ Plus မော်ဒယ်ဟာ အကြီးစား ၆.၇ လက်မနဲ့ လာပြီး ကျောဘက် Panel ဟာ မှန်အစစ်နဲ့ ထွက်ထားပါတယ်။ Galaxy S21+ မှာ တစ်ခု သာတာက ဖုန်းအချင်းချင်း ဒေတာပေးပို့မှုနဲ့ Direction-Sensing စွမ်းဆောင်ရည်တွေ ပါတဲ့ Ultra Wide Band (UWB) support ပါရှိတာပါပဲ။
ဖုန်းနှစ်မျိုးစလုံးဟာ RAM 8GB တစ်မျိုးတည်း လာပြီး storage အနေနဲ့ 128GB/256GB ဗားရှင်းတွေ ပါရှိပါတယ်။ ဈေးနှုန်းအနေနဲ့ ယူရို ၈၅၀ (မြန်မာငွေ ၁၃ သိန်းခွဲကျော်) နဲ့ ယူရို ၁၀၅၀ (မြန်မာငွေ ၁၇ သိန်းကျော်) ဈေးနဲ့ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။