• Featured

    ပြည်မြို့အကျဉ်းထောင်မှာ အချုပ်သားနှစ်ဦး ကိုဗစ်ပိုးတွေ့ရှိတာကြောင့် အကျဉ်းထောင်ကို အဝင်/အထွက်တားမြစ်

ပိုးတွေ့လူနာနဲ့ ထိစပ်မိတဲ့ ဝန်ထမ်းနှစ်ဦးနဲ့ အချုပ်သား (၃၀) ဦးကိုတော့ အကျဉ်းထောင်ထဲမှာ အသွားအလာကန့်သတ်စောင့်ကြည့်နေပါတယ်။

ပြည်မြို့အကျဉ်းထောင်က အချုပ်သားနှစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိရတာကြောင့် အကျဉ်းထောင်တွင်းကို အသွားအလာကန့်သတ်ထားလိုက်တယ်လို့သိရပါတယ်။

ကိုဗစ်ပိုးတွေ့ အချုပ်သားနှစ်ဦးကို ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး၊ ပိုးတွေ့လူနာနဲ့ထိစပ်မိတဲ့ ဝန်ထမ်းနှစ်ဦးနဲ့ အချုပ်သား (၃၀) ဦးကိုတော့ အကျဉ်းထောင်ထဲက ကွာရန်တင်းနေရာမှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်နေတယ်လို့သိရပါတယ်။

" ထိစပ်တွေကို အသွားအလာကန့်သတ်ထားတယ်။ အထဲကသူတွေက အပြင်မထွက်ရတော့ဘူး။ အပြင်ကလူတွေလည်းအထဲကို ဝင်လို့မရဘူး။ ကျွန်တော်တို့ဆိုလည်း အိမ်မပြန်ရတာကြာပြီ။ ထောင်ဝင်စာကတော့ အစကတည်းက ကန့်သတ်ထားတယ်။ ခုပိုးတွေ့သူတွေကိုတော့ ပြည်ဆေးရုံကြီးပို့တယ်။ ထိစပ်ကိုတော့ထောင်ထဲက ကွာရန်တင်းမှာပဲ ထားတယ်။ စစ်ဆေးတာလုပ်မယ်လို့သိရတယ်။"လို့ ပြည်အကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးကပြောပါတယ်။

ကိုဗစ်ပိုးတွေ့တဲ့ အချုပ်သား ၂ ဦးက နေမကောင်းလို့ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာကနေ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း ဇန်နဝါရီလ (၁၄) ရက်နေ့မှာ သိရှိရခြင်းဖြစ်ပြီး ဘယ်လိုကူးစက်ခံရတဲ့အသေးစိတ်အခြေအနေကို တော့ မသိရသေးဘူးလို့လည်း 

ပိုးတွေ့အချုပ်သားတွေကို ပို့ဆောင်ပေးခဲ့တဲ့ မိုးမေတ္တာ နာရေးကူညီမှုအသင်းက ကိုအောင်ဦးခန့်ကဆိုပါတယ်။

“ ကျွန်တော်တို့ဆီကို ကျန်းမာရေးဌာနကဆက်သွယ်လို့ ထောင်ကိုသွားတယ်။ လူနာကို သယ်ယူပို့ဆောင်တယ်။ ဆေးရုံကြီးကို မနေ့နေ့လယ်လာက်ကပို့လိုက်တယ်။ လူနာတွေက ယောကျ်ားလေး နှစ်ယောက်ပါ။ အသက်က ၂၅ ဝန်းကျင်လောက်ရှိပါတယ်။ ဘယ်လိုကြောင့် ပိုးတွေ့ရှိရတာလဲ ဆိုတဲ့အသေးစိတ်ကိုတော့ ကျနော်တို့လည်းမသိရပါဘူး။ "လို့ ကိုအောင်ခန့်ဦးကပြောပြပါတယ်။

ဒါကြောင့် ကိုဗစ်ပိုးတွေ့ရှိခဲ့ရတဲ့အချုပ်သား နှစ်ဦးနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားတဲ့အခြေအနေကို ပြည်မြို့ကုတင် ၅၀၀ ဆေးရုံကြီးတာဝန်ရှိသူထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းနဲ့ဖြေဆိုပေးခြင်းမရှိကြောင်း ပြန်လည်ပြောခဲ့တာကြောင့် ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့တာဝန်ရှိသူထံ ဖုန်းဖြင့် ထပ်မံဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။ လတ်တလော ပြည်မြို့မှာ အနံမရလို့ ဆေးရုံကိုလာရောက်ပြသရာမှ ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ ဖြစ်ရပ်တွေရှိနေပြီး၊ ဇန်နဝါရီလ (၁၄) ရက်နေ့ညကလည်း ကိုဗစ်အတည်ပြုလူနာတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က