ယခုသီတင်းပတ်ကုန်မှာ လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်ပွားလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

အမေရိကန်ပြည်နယ် ၅၀ လုံးနဲ့ ဝါရှင်တန်ဒီစီမြို့တော်တည်ရှိရာ ကိုလံဘီယာခရိုင် (Distric of Columbia - DC) မှာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမတိုင်မီ ယခု သီတင်းပတ်ကုန်မှာ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားလာနိုင်မှုအတွက် သတိပေးချက်ထုတ်ပြန် တပ်လှန့်ထားကြောင်း သိရပါတယ်။

(Photo: EPA)

နိုင်ငံတစ်ဝန်းမှ အစောင့်တပ်ဖွဲ့ စစ်သားတွေကို ဝါရှင်တန်ဒီစီသို့ စေလွှတ်ဖြန့်ကျက်ပြီး ဇန်နဝါရီ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ လွှတ်တော်အဆောက်အအုံ ဆူပူအကြမ်းဖက်ခံရမှုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေရန် လုံခြုံရေး ကြိုတင်စီမံဆောင်ရွက်နေပါတယ်။ ဂျိုးဘိုင်ဒန် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန် ထိုနေ့က ကွန်ဂရက်လွှတ်တော် အစည်းအဝေးပြုလုပ်စဥ် သမ္မတဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံအတွင်း ဆူပူအုံကြွ စီးနင်းဝင်ရောက်ခဲ့ကြပြီး ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။



လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီနင်းခံရမှုဖြစ်ရပ်အပြီးမှာ FBI က ထရန့်လိုလားသူတွေရဲ့ လက်နက်ကိုင်ဆန္ဒပြမှုများ ပြည်နယ် ၅၀ လုံးမှာ ဖြစ်ပွားလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမှာ လင်ကွန်းအထိမ်းအမှတ်နဲ့ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင် အပါအဝင် Natinoal Mall နေရာတစ်ခုလုံးကို ပိတ်ပင်ထားကြောင်း သိရပါတယ်။

(Photo: BBC)

ဒါ့အပြင် မြို့တော်ရဲ့ လမ်းမတွေတစ်လျှောက် အတားအဆီးများချထားပြီး လုံခြုံရေးတိုးမြှင့်ထားပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့အဖွဲ့ကတော့ အမေရိကန်ပြည်သူတွေကို COVID-19 ကပ်ရောဂါကြောင့် ဝါရှင်တန်ဒီစီမြို့တော်သို့ ခရီးမထွက်ကြရန် တိုက်တွန်းထားပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေကလည်း သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို အိမ်ကနေသာ ကြည့်ရှုကြရန် ပြောထားပါတယ်။

ထရန့်လိုလားသူတွေနဲ့ လက်ယာစွန်း အွန်လိုင်းကွန်ရက်တွေက ဇန်နဝါရီ ၁၇ ရက်နေ့မှာ လက်နက်ကိုင်ဆန္ဒပြကြရန် နှိုးဆော်ထားတဲ့ ပို့စ်များတင်ထားခဲ့ကြပြီးနောက် ယခုသီတင်းပတ်ကုန်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ထို့အတူ ဝါရှင်တန်ဒီစီမှာလည်း သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာ ချီတက်ဆန္ဒပြရန် ၎င်းတို့က စည်းရုံးလှုံ့ဆော်ထားတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အမေရိကန်တစ်ဝန်းမှာ ဖြစ်ပွားလာနိုင်ခြေရှိတဲ့ လက်နက်ကိုင် အကြမ်းဖက်ဆန္ဒပြမှုတွေအတွက် လုံခြုံရေးစီမံဆောင်ရွက်မှုများ လုပ်ဆောင်ထားကြပါတယ်။ မေရီလန်း၊ နယူးမက္ကစီကိုနဲ့ ယူတား ပြည်နယ်တို့က ဆန္ဒပြမှုများ ဖြစ်ပွားလာနိုင်မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ကယ်လီဖိုးနီးယား၊ ပင်ဆယ်ဗေးနီးယား၊ မီချီဂန်၊ ဗာဂျီနီးယား၊ ဝါရှင်တန်နဲ့ ဝစ်ကွန်ဆင် ပြည်နယ်တွေမှာတော့ ပြည်နယ်အစောင့်တပ်ဖွဲ့ကို ဖြန့်ကျက်ချထားပါတယ်။ တက္ကဆက်ပြည်နယ်က ပြည်နယ်လွှတ်တော်အဆောက်အအုံကို သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲရက်ပြီးတဲ့အထိ ပိတ်ထားကြောင်း သိရပါတယ်။

(Photo: Reuters)

ယမန်နှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အိမ်ဖြူတော်မှထွက်ခွာရမယ့် သမ္မတထရန့်ကတော့ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်အနားကို တက်ရောက်မှာမဟုတ်ကြောင်း ပြောထားပြီး ၎င်းဟာ အမေရိကန်သမိုင်းတစ်လျှောက် ၁၈၆၉ ခုနှစ်နောက်ပိုင်း သက်တမ်းကုန်ဆုံးတဲ့ သမ္မတတစ်ဦးက နောက်တက်မယ့် သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခြင်းမရှိတဲ့ သမ္မတဖြစ်လာမယ်လို့ သိရပါတယ်။

အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွစီးနင်းမှုကို လှုံ့ဆော်မှုဖြင့် သမ္မတဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်ကြောင်း အောက်လွှတ်တော်က ဇန်နဝါရီ ၁၃ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ထရန့်ဟာ အမေရိကန်သမိုင်းတစ်လျှောက်မှာ စွပ်စွဲပြစ်တင်မှု နှစ်ကြိမ်ခံရတဲ့ ပထဆုံး သမ္မတဖြစ်လာခဲ့ပါတယ်။

(Photo: Reuters)

အောက်လွှတ်တော်က စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်တဲ့နေ့မှာ သမ္မတထရန့်က ၎င်းအားထောက်ခံသူတွေကို အကြမ်းမဖက်ကြဘဲ ငြိမ်းချမ်းစွာနေကြရန် တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခုကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ "အကြမ်းဖက်မှုနဲ့ ရမ်းကားဖျက်ဆီးမှုအတွက် ကျွန်တော်တို့ နိုင်ငံမှာ နေရာမရှိပါဘူး၊ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ ထောက်ခံသူက နိုင်ငံရေးအကြမ်းဖက်မှုကို အားပေးလိမ့်မှာ မဟုတ်ပါဘူး" လို့ သမ္မတထရန့်က ထိုဗီဒီယိုမှာ ပြောခဲ့ပါတယ်။

ယမန်နှစ်ရွေးကောက်ပွဲ အနိုင်ရတဲ့ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၀ ရက်နေ့မှာ လွှတ်တော်အဆောက်အအုံရှေ့ ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူသွားပြီး ၄၆ ဦးမြောက် အမေရိကန်သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က