နာမည်ကျော် စီးပွားရေးသမား ရစ်ချတ်ဘရန်ဆန်ပိုင် Virgin Orbit ဟာ ဒီနေ့ (ဇန်နဝါရီ ၁၈ ရက်နေ့မှာ) ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာပတ်လမ်းထဲ LauncherOne ဒုံးပျံလွှင့်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပေ ၇၀ ခန့် ရှည်လျားတဲ့ LauncherOne rocket ကို Virgin Orbit ရဲ့ ဘိုးအင်း ၇၄၇ကို ပြုပြင်ထားတဲ့ Cosmic Girl လေယာဉ်တောင်ပံအောက်ကနေ တောင်ကယ်လီဖိုးနီးယားကမ်းရိုးတန်းအလွန်မှာ အာကာသထဲ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဆင့်ဒုံးပျံမှာ CubeSats လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ ဂြိုလ်တုအိမ်အတွဲတစ်ခု သယ်ဆောင်လာခဲ့တာပါ။ အမေရိကန်တက္ကသိုလ်တွေ အပါအဝင် NASA ပညာရေးပရိုဂရမ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တည်ဆောက်ထားတာဖြစ်တယ်လို့ AP News သတင်းက ဆိုပါတယ်။

Photo: BBC
Cosmic Girl ယာဉ်ဟာ အခြေစိုက်စခန်းရှိရာ ကယ်လီဖိုးနီးယားပြည်နယ် Mojave သဲကန္တာရထဲကနေ ပစိဖိတ်သမုဒ္ဓရာပေါ် ဖြတ်ပြီး ပျံသန်းလာတာပါ။ ပျံသန်းပြီး မိနစ် ၆၀ ခန့်မှာ ပေ ၃ သောင်းခွဲရောက်ရှိခဲ့ပြီးနောက် ၂၁ မီတာ (ပေ၇၀ခန့် ) ရှည်လျားတဲ့ ဒုံးပျံကို လွှတ်ချခဲ့တာ ဖြစ်ပါတယ်။ ဒုံးပျံ အရှိန်မြင့်စက် LauncherOne ဟာ စက္ကန့်ပိုင်းအတွင်း အင်ဂျင်နှိုးပြီး အာကာသထဲ တက်သွားခဲ့တာ ဖြစ်ပါတယ်။ အခုထိတော့ ဘာပြဿနာမှ မကြားရသေးပါဘူး။
"ကြေးနန်းသတင်းအရ LauncherOne ဟာ ကမ္ဘာပတ်လမ်းထဲ ရောက်သွားပါပြီ" လို့ Virgin Orbit က Tweet တင်ထားပါတယ်။ "မစ်ရှင်ထိန်းချုပ်မှုထဲမှာ မပါတဲ့ Team ထဲက လူတိုင်းက အခု စိတ်ဓါတ်တွေ တက်ကြွလှုပ်ရှားနေကြပါတယ်။"
Virgin Orbit တည်ထောင်သူ ဆာရစ်ချတ်ဘရန်ဆန်ဟာ သေးငယ်ပြီး ကုန်ကျစရိတ်သက်သာတဲ့ ဂြိုလ်တုလွှတ်တင်ရေးဈေးကွက်ပေါ်ပေါက်လာဖို့ မျှော်လင့်ချက်ထားနေသူဖြစ်ပါတယ်။ ဂျက်လေယာဉ်ကို ဒုံးပျံလွှင့်စင် ပလက်ဖောင်းတစ်ခုလို သုံးခြင်းအားဖြင့် အာကာသယာဉ်ငယ်တွေကို ကမ္ဘာ့ဘယ်နေရာကမဆို စေလွှတ်နိုင်မယ်လို့လည်း မျှော်မှန်းထားတာပါ။ Virgin Orbit အနေနဲ့ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ လေဆိပ်တွေကို သုံးပြီး အာကာသထဲ ဂြိုလ်တုလွှင့်မယ့်မစ်ရှင်အစီအစဉ်ကို အားသန်နေတာပါ။
Photo: AP News
အခုလွှင့်တင်မှုမှာ NASA နဲ့ တက္ကသိုလ်အမြောက်အများဆီက မစ်ရှင် ၉ ခု ပါဝင်ခဲ့ပါတယ်။ ကမ္ဘာပတ်လမ်းထဲ ရောက်ပြီးမှ ပြန်အင်ဂျင်နှိုးပေါက်ကွဲစေပြီး CubeSats ၉ ခုကို စေလွှတ်စေရမှာ ဖြစ်ပါတယ်။ Virgin Orbit ဟာ အာကာသထဲ ဂြိုလ်တုစေလွှတ်မှုကို ပြီးခဲ့တဲ့ နှစ် မေလထဲမှာ ပထမဆုံးအကြိမ် သရုပ်ပြဖို့ ကြိုးစားခဲ့တာပါ။ သရုပ်ပြစမ်းသပ်မှုမှာ ဒုံးပျံစေလွှတ်လွှင့်တင်မှုအထိ အောင်မြင်ခဲ့ပေမယ့် ရုတ်တရပ် စက်ရပ်မသွားခင် ပါဝါမလောက်ဘဲ ပျံခဲ့ပြီး ပျက်ကျသွားခဲ့တာပါ။
စမ်းသပ်ဂြိုလ်တုတစ်ခုပဲပါတဲ့ ဒီ Payload ယာဉ်ပျက်ကျမှုကို စုံစမ်းခဲ့ပြီးနောက် ပထမအဆင့် လောင်ကျွမ်းတဲ့အခန်းအတွင်း Cryogenic အောက်ဆီဂျင်အရည် သယ်တဲ့ High-Pressure လိုင်း ပေါက်တာ တွေ့ခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အခုတစ်ကြိမ် Virgin Origin ရဲ့LauncherOne ဒုံးပျံ ပစ်လွှတ်မှုကို လူသိရှင်ကြား Livestream လွှင့်ခြင်းတော့ မလုပ်ခဲ့ပါဘူး။