တက္ကသိုလ်ဝင်ခွင့်ဖောင်နဲ့အတူ အမှတ်စာရင်းပုံစံတစ်ခု ဒီနှစ်မှာ ထည့်ပေးထားတယ်လို့ တာဝန်ရှိသူပြောကြားချက်အရ သိရပါတယ်။

၂၀၁၉-၂၀၂၀ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ကျောင်းသား/သူတွေအတွက် အမှတ်စာရင်းမူရင်းထုတ်စရာမလိုဘဲ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

မူလက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ အမှတ်စာရင်းထုတ်ယူပြီး တက္ကသိုလ်ဝင်ခွင့်လျှောက် ထားရတာ ဖြစ်ပေမယ့် အခုဒီနှစ်အတွက် အမှတ်စာရင်းပုံစံတစ်ခုကို တက္ကသိုလ်ဝင်ခွင့် ဖောင်တွေနဲ့အတူ ကျောင်းသား/သူတွေ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။



" ကလေးတစ်ယောက်ကို လျှောက်လွှာနဲ့ ဝင်ခွင့်စာအုပ်တစ်အုပ်ပေါ့နော်။ တစ်ထောင်နဲ့ဝယ်ယူရမှာပါ။ အဲဒီမှာ အမှတ်စာရင်းတွေထည့်ပေးလိုက်ပါပြီ ။နယ်အစွန်အဖျားကျတော့ ဒါမျိုး ဝင်ကြည့်ဖို့တွေ အီးမေးလ်တွေဘာတွေကျ မရဘူးလေ။ဒါကြောင့် သက်ဆိုင်ရာမြို့နယ်တိုင်းကို သူ့မြို့နယ်နဲ့ သက်ဆိုင်တဲ့ ဖြေထားတဲ့ကလေးတွေရဲ့ အောင်တဲ့ကလေးတွေရဲ့ ခုံအမှတ် ၊ အမှတ်ဘယ်လောက်ရတယ်ဆိုတာ တစ်ခါထဲ ထည့်ပေးလိုက်ပါတယ်။ဒါပေမယ့် အဲဒါက အမှတ်စာရင်းထုတ်လို့ရတဲ့ပုံစံတော့ မဟုတ်ဘူး။အမှတ်စာရင်း သိအောင်လို့ သိတော့မှ ဘယ်မေဂျာမီမယ် လျှောက်မယ်ဆိုတာ ဆုံးဖြတ်ရမှာကိုး ။အရင်တုန်းကတော့ ကိုဗစ်ကာလမဟုတ်တော့ အဲဒါတွေ မပါဘူး။ မြန်မာနိုင်ငံစာစစ်မှာသွားထုတ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထုတ်ပြီး အဲဒီအမှတ်စာရင်းနဲ့ တွဲလျှောက်ရတာ ။ အခုတော့ အွန်လိုင်းကလည်း ကြည့်လို့ရအောင် စီစဉ်ထားတယ်။ သိအောင်လည်း ထည့်ပေးလိုက်တာ။ဒါက စိစစ်လို့ရအောင် သိအောင်ထည့်ပေးလိုက်တာ။သူတို့က လာလျှောက်တဲ့အခါမှာတော့ အမှတ်ပေါင်း၄၅၀ရတယ်ထားပါတော့ သူ့ခုံနံပါတ်နဲ့ သူ့နာမည်နဲ့ ဟုတ်ရဲ့လား ပြန်တိုက်လို့ရအောင်ပါ။ အွန်လိုင်းကဟာတွေက ဖောင်းပွနိုင်တယ် အလွဲအမှားလည်းရှိနိုင်တယ်။အဲဒီတော့ ဒီက မူရင်းနဲ့ သူတို့လျှောက်တာနဲ့ အမှတ်နဲ့ မေဂျာနဲ့ ကိုက်ရဲ့လားဆိုတာ လက်ခံတဲ့အခါ စိစစ်ရတော့မှာပေါ့နော် ။ ဟိုအမှတ်စာရင်းပုံစံနဲ့တော့ မတူဘူး ။ ခုံနံပါတ်ဘယ်လောက် ဘယ်သူက ရမှတ်ပေါင်းဘယ်လောက် ၊ ဘယ်ဘာသာတွေဘယ်လောက်ဆိုတာပဲ ထည့်ပေးလိုက်တာ " လို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ၊ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဦးစိန်ဝင်းက Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ တက္ကသိုလ်ဝင်ခွင့်ဖောင်တွေကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပို့ဆောင်ခြင်းကို စတင်နေပြီဖြစ်ပြီး ညွှန်ကြားမှုထပ်မံရရှိမှသာ ကျောင်းသား/သူတွေဆီကို ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

"ညွှန်ကြားချက်ရပြီးတဲ့နောက်မှာ ၁၂ရက်နေ့ကတည်းက စပြီးထုတ်ပေးနေပါတယ်။သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တင်ပြပြီး သူတို့လာထုတ်နေကြပါတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းကိုပဲ ထုတ်ပေးတာ ။ အဲဒီကမှ သက်ဆိုင်ရာ မြို့နယ်တွေပို့မယ်။ မြို့နယ်တွေရောက်ထားပြီး အခြေခံက ညွှန်ကြားချက်ရမှ ကလေးတွေလက်ထဲကို ထည့်မှာပါ။ ကျွန်တော်တို့ကို ညွှန်ကြားတဲ့အထဲမှာကိုက အခြေခံရဲ့ ညွှန်ကြားချက်ကို မရဘဲနဲ့ လုံးဝဖွင့်ဖောက်ခြင်းမပြုရန်ဆိုတာပါတယ်။ အဲဒီတော့ အခြေခံက ညွှန်ကြားတဲ့နေ့မှပဲ ကလေးတွေလက်ထဲ ၊ ကျောင်းတွေကို ပို့ရမှာပေါ့နော်။သူတို့ဖြေခဲ့တဲ့ကျောင်းမှာထုတ် ဒါမှမဟုတ်လည်း မြို့နယ်ရုံးမှာထုတ်။ ဘယ်လိုထပ်ညွှန်ကြားမယ်ဆိုတာတော့ မသိရသေးဘူး " လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ၊ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဦးစိန်ဝင်းက Duwun ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ပြည့်နှစ် မတ်လက စတင်ပြီး ကိုဗစ်၁၉ရောဂါကူးစက်မှုတွေ စတင်လာတဲ့အတွက် ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွေရဲ့ အောင်စာရင်းကို ၂၀၂၀ပြည့်နှစ် သြဂုတ်လမှာ အွန်လိုင်းကနေကြည့်ရှုနိုင်အောင် ကြေညာခဲ့သလို အမှတ်စာရင်းတွေကိုလည်း ၂၀၂၁ခုနှစ် ဇန်နဝါရီ ၁၆ရက်မှာ အွန်လိုင်းကနေ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က