ပြိုင်ဖက်အသင်းတွေ ကိုယ်စီ ပြင်ဆင်နေချိန်မှာ နာမည်ကြီး ရတနာပုံအသင်းကတော့ ယခုနှစ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ အောင်သူနဲ့ လှိုင်းဘိုဘိုကို ထိုင်းလိဂ်တွေကို စေလွှတ်ထားပေမယ့် အသင်းကို လူခေါ်ယူ ဖြည့်တင်းမှုတွေ ယနေ့အချိန်ထိ ပြုလုပ်ထားခြင်း မရှိသေးတာ တွေ့ရပါတယ်။
ဓာတ်ပုံ - ရှမ်းယူနိုက်တက်
၂၀၂၁ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် ကစားသမားသစ်ခေါ်ယူမှုတွေကို ထိပ်တန်းအသင်းတွေ ဖြစ်တဲ့ ရှမ်း၊ရန်ကုန်နဲ့ဟံသာဝတီအသင်းတို့ အပြိုင်အဆိုင် လုပ်ဆောင်နေကြပါတယ်။
ယနေ့မှာတော့ လက်ရှိ နှစ်ထပ်ကွမ်းချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ နိုင်ငံခြားသားကစားသမားခေါ်ယူမှု အဖြစ် ဧရာဝတီယူနိုက်တက်အသင်းနဲ့ လမ်းခွဲထားတဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဆာဆက်ကို တစ်ရာသီစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
ဆာဆက်ဟာ ၂၀၁၉နဲ့ ၂၀ ဘောလုံးရာသီနှစ်ခုမှာ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ကစားခဲ့ပြီး အဆိုပါ နှစ်နှစ်အ တွင်း ၂၆ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။
“ရှမ်းယူနိုက်တက်အသင်းက မြန်မာပြည်မှာ အကောင်းဆုံး အသင်းပါ။ လာမယ့်ရာသီအတွက် ပြင်ဆင်နေတာတွေ အရမ်း ကောင်းပါတယ်။ ပြည်ပ ပြိုင်ပွဲ (AFC Champions League) ကစားခွင့်ရမယ် ဆိုတာက တကယ့် အိပ်မက် ပဲ။ ကျနော့်အတွက် ပထမဆုံးသော နိုင်ငံတကာ ပြိုင်ပွဲအတွက် အများကြီး ပြင်ဆင်ထားတယ်”လို့ ဆာဆက်က ရှမ်းအသင်းမီဒီယာကိုပြောပါတယ်။
ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်
ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၀ခုနှစ်ရဲ့ အမှတ်ပေးချန်ပီယံ ဖြစ်ထားလို့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမအ ဆင့် ခြေစစ်ပွဲကကစားခွင့်ရထားပြီး ခြေစစ်ပွဲမအောင်မြင်ပါကလည်း AFC CUPကို အုပ်စုအဆင့်မှ တိုက်ရိုက် ကစားခွင့်ရထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ဆာဆက်နည်းတူ အခြားသော ပြည်တွင်းကစားသမားခေါ်ယူမှုတွေအဖြစ် မြန်မာ့ လက်ရွေးစင်ကစားသမားများဖြစ်ကြတဲ့ သန်းပိုင်၊ကျော်ဇင်လွင်တို့အပါအဝင် ဧရာဝတီယူနိုက်တက်အသင်းနဲ့ လမ်း ခွဲခဲ့တဲ့ သီဟဇော်၊မကွေးအသင်းနဲ့လမ်းခွဲခဲ့တဲ့ လူငယ်လက်ရွေးစင် ကစားသမား စိုးလွင်လွင်တို့ကို ခေါ်ယူ အား ဖြည့်ထားပါသေးတယ်။
ဒါ့အပြင် နည်းချုပ် နေရာကိုလည်း အပြောင်းအလဲပြုလုပ်ထားကာ နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင် ပေးခဲ့နိုင်တဲ့ နည်းပြချုပ် ဦးအောင်နိုင်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ရာထူးတိုးမြင့်ပေးကာ လက်ထောက်နည်းပြ ဖြစ်တဲ့ မြန်မာ့လက်ရွေးစင်ဟောင်း ဦးဟန်ဝင်းအောင်ကို နည်းပြချုပ်အဖြစ် အစားထိုးခန့်အပ်ထားပါသေးတယ်။
ရှမ်းယူနိုက်တက်အသင်းနည်းတူ အကြီးစားပြင်ဆင်မှုတွေ လုပ်နေတဲ့ နောက်ထပ် တစ်သင်းက ယခုနှစ်မှာ အာရှ အဆင့် ပြိုင်ပွဲကို ကစားခွင့်ရထားတဲ့ ဟံသာဝတီယူနိုက်တက်အသင်းဖြစ်ပါတယ်။
ဓာတ်ပုံ - ရှမ်းယူနိုက်တက်
ဟံသာကတော့ ၂၀၂၁ခုနှစ် မြန်မာလိဂ်ပြိုင်ပွဲအတွက် လူခေါ်ယူမှုကို အစောဆုံး စတင်ခဲ့တဲ့ အသင်းလို့ ဆိုရမှာ လည်း ဖြစ်ပါတယ်။
ယနေ့မှာလည်း ရှမ်းယူနိုက်တက်အသင်းနဲ့ လမ်းခွဲထားခဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဒွေးကိုကိုချစ်ကို ခေါ်ယူ လိုက်ပြန်ပါတယ်။
ဟံသာဝတီအသင်းဟာလည်း ဒွေးကိုကိုချစ်အပြင် ယခုနှစ်မှာ ပြိုင်ပွဲကို ဝင်မပြိုင်ဖြစ်တဲ့ ဆောက်သမ်းအသင်းမှ မြန်မာ့လက်ရွေးစင် ဂိုးသမား ပြည့်ဖြိုးအောင်၊ရတနာပုံအသင်းမှ ရဲရင့်အောင်၊ဆောက်သမ်းအသင်းမှပင် အောင် မြတ်သူ၊မကွေးမှ နေမိုးနိုင်နဲ့ဝင်းမိုးကျော်၊ဧရာဝတီမှ ရဲလင်းထက်တို့ကို ခေါ်ယူထားပါတယ်။
ရှမ်းနဲ့ဟံသာဝတီအသင်းတို့နည်းတူ နာမည်ကြီး ရန်ကုန်အသင်းကလည်း ပြင်ဆင်မှုတွေအဖြစ် ကစားသမား ဟောင်းတွေဖြစ်တဲ့ ဘရာဇီးကွင်းလယ်လူ အီမာဆင်နဲ့ ဇော်ဝင်းတို့ကို ပြန်ခေါ်ထားသလို မြန်မာ့လက်ရွေးစင် ကစားသမားတွေ ဖြစ်ကြတဲ့ လွင်မိုးအောင်၊စိုးမိုးကျော်၊ဝင်းနိုင်ထွန်း တို့အပြင် ကျော်ဖြိုးဝေနဲ့သီဟတို့ကို အားဖြည့် ထားပြီး ဖြစ်ပါတယ်။
ကျန်အသင်းတွေဖြစ်ကြတဲ့ နာမည်ကြီး ရတနာပုံအပါအဝင် အခြားသော ကလပ်အသင်းတွေကတော့ ဧပြီလမှာ ပြန်လည်စတင်ဖို့ လျာထားတဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် လူခေါ်ယူမှုသတင်းတွေ ဖော်ပြလာခြင်း မရှိသေးပါဘူး။
Share