ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရာထူးသက်တမ်းကုန်တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နှုတ်ဆက်မိန့်ခွန်းတစ်ရပ် ပြောကြားမှုကို သမ္မတအိမ်ဖြူတော်ရဲ့ YouTube ချန်နယ်ကနေ ယမန်နေ့ (ဇန်နဝါရီ ၁၉ ရက်) က လွှင့်တင်ခဲ့ပါတယ်။
(Photo: AP)
ထရန့်က အစိုးရအဖွဲ့သစ်အတွက် ဆုမွန်ကောင်းတောင်းကြရန် တိုက်တွန်းခဲ့ပေမဲ့ ဂျိုးဘိုင်ဒန်ရဲ့အမည်ကို အသိအမှတ်ပြု ရည်ညွှန်းပြောကြားခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။ "ဒီသီတင်းပတ်မှာ ကျွန်တော်တို့ အစိုးရသစ်တစ်ရပ်ကို ရာထူးအပ်နှင်းပြီး အမေရိကန်ပြည်သူတွေ ဘေးကင်းလုံခြုံရေးနဲ့ ကြီးပွားချမ်းသာရေး ဆောင်ရွက်ရာမှာ အစိုးရသစ် အောင်မြင်ဖို့အတွက် ဆုတောင်းကြပါ" လို့ သမ္မတထရန့်က နှုတ်ဆက်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
ယမန်နှစ် နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် Electoral College မဲအရေအတွက် ၃၀၆ မဲဖြင့် အနိုင်ရခဲ့ပြီး ထရန့်ကတော့ ၂၃၂ မဲရရှိခဲ့ပါတယ်။ သို့သော် ထရန့်ဟာ လက်ရှိအချိန်အထိ ဂျိုးဘိုင်ဒန် သမ္မတရွေးကောက်ပွဲ အနိုင်ရမှုကို အပြည့်အဝ လက်ခံခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
(Photo: AP)
ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် ရာထူးလွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲအနိုင်ရမှုကို အပြီးသတ် အတည်ပြုရန် ကွန်ဂရက်လွှတ်တော် အစည်းအဝေးကျင်းပခဲ့စဥ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ အကြမ်းဖက်စီးနင်းကြတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။
ထိုဖြစ်ရပ်အတွက် ထရန့်ကို လှုံ့ဆော်မှုဖြင့် အမေရိကန်အောက်လွှတ်တော် (House of Representative) က စွပ်စွဲပြစ်တင်ပြီး စွဲချက်တင်ကြောင်း မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ထရန့်ဟာ အမေရိကန်သမိုင်းမှာ စွပ်စွဲပြစ်တင်မှု နှစ်ကြိမ်ခံရတဲ့ ပထမဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
(Photo: AP)
အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် အထက်လွှတ်တော် (Senate) မှာ ထရန့်ကို စွဲချက်တင်ပြီး ဆက်လက် ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ သုံးပုံနှစ်ပုံက ထောက်ခံပါက ထရန့်ဟာ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခြင်းကဲ့သို့ နိုင်ငံရေးလုပ်ဆောင်ခြင်းကနေ တားမြစ်ပိတ်ပင်ခံရနိုင်ပါတယ်။
"နိုင်ငံရေးအကြမ်းဖက်မှုဟာ အမေရိကန်ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ ချစ်ခင်မြတ်နိုးတဲ့ အရာအားလုံးကို တိုက်ခိုက်မှုတစ်ခုပါပဲ၊ ဒါကို သည်းခံမှာမဟုတ်ပါဘူး" လို့ သမ္မတထရန့်က ၎င်းရဲ့ နှုတ်ဆက်မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။ ထရန့်က ၎င်းရဲ့အစိုးရအဖွဲ့ လေးနှစ်တာ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး လုပ်စရာရှိတာတွေကို လုပ်ခဲ့ကြောင်းနဲ့ များစွာပိုမိုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Reuters)
ယမန်နှစ် ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝ လက်မခံသေးတဲ့ ထရန့်က သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကိုလည်း တက်ရောက်မှာမဟုတ်ကြောင်း ပြောထားပြီး ၎င်းဟာ အမေရိကန်သမိုင်းတစ်လျှောက် ၁၈၆၉ ခုနှစ်နောက်ပိုင်း သက်တမ်းကုန်ဆုံးတဲ့ သမ္မတတစ်ဦးက နောက်တက်မယ့် သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခြင်းမရှိတဲ့ သမ္မတဖြစ်လာမယ်လို့ သိရပါတယ်။
အမေရိကန်မှာ လွှတ်တော်အဆောက်အအုံ ဆူပူအကြမ်းဖက် စီးနင်းခံရပြီးနောက် ဂျိုးဘိုင်ဒန်ရဲ့ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ဝါရှင်တန်ဒီစီနဲ့ ပြည်နယ် ၅၀ ရဲ့ မြို့တော်အားလုံးမှာ လက်နက်ကိုင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း FBI (Federal Bureau of Investigation) က သတိပေးခဲ့ပြီး လုံခြုံးရေးတင်းကြပ်ထားပါတယ်။
(Photo: Getty Images)
သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ လုံခြုံရေးနဲ့ ဖြစ်လာနိုင်တဲ့ ဆူပူအုံကြွ အကြမ်းဖက်ဆန္ဒပြမှုတွေကို တားဆီးကာကွယ်ရန် လွှတ်တော်အဆောက်အအုံ အပါအဝင် အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီရဲ့ နေရာတွေမှာ အစောင့်တပ်ဖွဲ့မှ စစ်သား ၁၀,၀၀၀ ကို ဖြန့်ကျက်ချထားပါတယ်။ ဒါ့အပြင် နောက်ထပ် စစ်သား ၅,၀၀၀ ကို အသင့်အနေအထား ရှိနေစေတယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်သူဦးရေကို အလွန်အမင်း ကန့်သတ်ထားမှာဖြစ်ပြီး ခပ်ခွာခွာနေရမယ့် COVID-19 စည်းမျဥ်းနဲ့အညီ စီစဥ်ဆောင်ရွက်မယ်လို့ ဂျိုးဘိုင်ဒန်ရဲ့အဖွဲ့က ဆိုပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့အဖွဲ့က အမေရိကန်ပြည်သူတွေကို ဝါရှင်တန်ဒီစီသို့ ခရီးမထွက်ကြရန်လည်း တိုက်တွန်းထားပါတယ်။
(Photo: AP)
ရွေးကောက်ပွဲအနိုင်ရတဲ့ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၀ ရက်နေ့မှာ လွှတ်တော်အဆောက်အအုံရှေ့ ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူသွားပြီး ၄၆ ဦးမြောက် အမေရိကန်သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။
.
Share