နိုင်ငံတကာဈေးကွက်ပါ ဝင်ဆံ့နိုင်မယ့် တန်ဖိုးသင့် Honor ဖုန်းတွေ မြင်ရတော့မှာပါ

Huawei ကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့ကုမ္ပဏီတစ်ခု ဖြစ်လာတဲ့ Honor ဟာ Google Services တွေ ပါလာတဲ့ စမတ်ဖုန်းသစ်တွေ ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ 

၂၀၁၉ မေလကစပြီး အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် Huawei နဲ့ လက်အောက်ခံ ဖုန်းကုမ္ပဏီတွေမှာ Google Services အပါအဝင် အမေရိကန်နည်းပညာမပါတဲ့ ဖုန်းသစ်တွေပဲ ထုတ်လုပ်ရောင်းချခဲ့ရတာပါ။ Google Play Services တွေ မပါခြင်းဟာ တရုတ်ဈေးကွက်အတွက် ပြဿနာမဟုတ်ပေမယ့် အနောက်နိုင်ငံဈေးကွက်တွေမှာ ရောင်းအား ထိခိုက်ခဲ့ပါတယ်။ 



Photo: Gizmochina

အဲဒီအချိန်က Honor ဟာလည်း Huawei ပိုင် ကုမ္ပဏီတစ်ခုဖြစ်နေတာကြောင့် Honor Brand နဲ့ထွက်လာတဲ့ စမတ်ဖုန်းတွေမှာလည်း Google Services နဲ့ အမေရိကန်နည်းပညာများ ၊ ထုတ်ကုန်များ သုံးခွင့်မရခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Huawei ဟာ Honor အမှတ်တံဆိပ်ကို Zhixin New Information Technology ဆီ ရောင်းချခဲ့ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ Honor Brand ကနေ ဒီနှစ်ထဲမှာ Google Services များ Qualcomm chip များ သုံးနိုင်မယ့် စမတ်ဖုန်းသစ်တွေ ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။

အမှီအခိုကင်းသွားတဲ့ Honor brand ကနေ ပထမဆုံးမြင်ရမယ့် ဖုန်းက Honor V40 ပါ။ 5G ဖုန်းအမျိုးအစားဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နေ့ ကြေညာမယ်လို့ ခန့်မှန်းခဲ့တာပါ။ နေရာနဲ့ ပစ္စည်းကိရိယာအခက်အခဲကြောင့် ဖုန်းမိတ်ဆက်မယ့်ရက်ကို ဇန်နဝါရီ ၂၂ ရက်ကို ရွှေ့ထားတာ ဖြစ်ပါတယ်။ တချို့ကလည်း ဒါဟာ Honor အနေနဲ့ Google Play Services ကို ဖုန်းသစ်မှာ တစ်ပါတည်း ထည့်သွင်းနိုင်ဖို့အတွက် အချိန်နောက်ဆုတ်လိုက်တာလို့လည်း ခန့်မှန်းနေကြပါတယ်။

Honor V40 ဖုန်းသစ်ကို တရုတ်ဈေးကွက်မှာ အရင်ဆုံး မိတ်ဆက်မှာ ဖြစ်ပြီး အနောက်ဥရောပဈေးကွက်တွေမှာ Honor V40 View နာမည်နဲ့ ဖြန့်ချိသွားဖို့လည်း ရှိနေပါတယ်။ ဒီဖုန်းမှာတော့ Qualcomm chipset သုံးမထားဘဲ Mediatek ထုတ် Dimensity 1000+ chipset နဲ့ လာမှာပါ။ ဖုန်း Screen size ၆.၇၂ လက်မခန့် ရှိပြီး 120Hz refresh rate ပါ OLED screen သုံးသွားမယ်လို့ မျှော်လင့်ထားပါတယ်။



Photo: GSMArena

ပိုစတာဒီဇိုင်းအရ ရှေ့ဘက်မှာ ဆေးတောင့်ပုံ punch-hole selfie ကင်မရာစနစ်နဲ့ လာပြီး Dual lens ဖြစ်ဖို့ ရှိပါတယ်။ Quad Cameras အမျိုးအစားဖြစ်ပြီး Main sensor အနေနဲ့ 50MP သုံးထားပြီး အားသွင်းစနစ်ပိုင်းမှာ 66W fast charging နဲ့ 55W wireless charging တို့ support ပေးသွားဖို့လည်း ရှိပါတယ်။ Honor V40 မှာ Google Play Services ပါမယ်ဆိုရင် Magic UI ပဲ ဆက်သုံးမလား။ UI သစ်နဲ့လာမလားဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။

Honor ဟာ ဒီနှစ်ထဲမှာ စမတ်ဖုန်းထုတ်လုပ်မှု ၄၀%အထိ မြှင့်တင်သွားမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။လာမယ့်နှစ်အနည်းငယ်အတွင်း စမတ်ဖုန်းဈေးကွက်မှာ Honor ကို ထိပ်သီးဖုန်း Brand တစ်ခုအနေနဲ့ မြင်ရမလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က