အမေရိကန်မှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် ရာထူးလွှဲပြောင်းရယူသွားတော့မှာ ဖြစ်ပါတယ်။
(အမေရိကန်သမ္မတသစ်ဖြစ်လာမည့် ဂျိုးဘိုင်ဒန်နှင့် ဇနီး) (Photo: Getty Images)
သမ္မတသစ်ဖြစ်လာမယ့် ဂျိုးဘိုင်ဒန်ဟာ ပြည်တွင်းရေးကိစ္စရပ်တွေအဖြစ် နိုင်ငံရေးကွဲပြားမှုကြောင့် စိတ်ဝမ်းကွဲနေမှု၊ စီးပွားရေးအားနည်းမှုနဲ့ ဆိုးရွားပြင်းထန်တဲ့ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုတို့ကို ကုစားသွားရမှာပါ။ ဂျိုးဘိုင်ဒန်နဲ့ ရွေးကောက်ခံ ဒုတိယသမ္မတ ကမ်မလာဟာရစ်တို့ဟာ ဝါရှင်တန်ဒီစီမြို့တော်ရှိ လွှတ်တော်အဆောက်အအုံရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုသွားရန် စီစဥ်ထားပါတယ်။
အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတဖြစ်လာမယ့် 'လူလတ်တန်းစားဂျိုး'
ဝါရှင်တန်ဒီစီမြို့တော်တည်ရှိရာ ကိုလံဘီယာခရိုင် (Distric of Columbia - DC) အပါအဝင် အမေရိကန်တစ်ဝန်း ပြည်နယ် ၅၀ လုံးမှာ လက်နက်ကိုင် ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်ခြေအတွက် လုံခြုံရေးတင်းကြပ်ထားကြောင်း သိရပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့မှာ ထရန့်လိုလားသူတွေရဲ့ လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ အကြမ်းဖက်စီးနင်းမှု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို အမေရိကန်စစ်သား ၂၅,၀၀၀ က လုံခြုံရေးစောင့်ကြပ်သွားမှာ ဖြစ်ပါတယ်။
(အမေရိကန် ဒုတိယသမ္မတဖြစ်လာမည့် ကမ်မလာဟာရစ်) (Photo: Reuters)
သမ္မတသက်တမ်း ကုန်ဆုံးပြီဖြစ်တဲ့ ထရန့်ဟာ အိမ်ဖြူတော်မှထွက်ခွာပြီး ဖလော်ရီဒါပြည်နယ်သို့ သွားရောက်ရန်စီစဥ်ထားပါတယ်။ ထရန့်ဟာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ ၎င်းဟာ အမေရိကန်သမိုင်းတစ်လျှောက် ၁၈၆၉ ခုနှစ်နောက်ပိုင်း သက်တမ်းကုန်ဆုံးတဲ့ သမ္မတတစ်ဦးက နောက်တက်မယ့် သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခြင်းမရှိတဲ့ သမ္မတအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
အမေရိကန်သမိုင်းရဲ့ ပထမဆုံး အမျိုးသမီးဒုတိယသမ္မတ ကမ်မလာဟာရစ်
ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတအဖြစ် တရားရုံးချုပ် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်ရဲ့ ရှေ့မှောက်မှာ ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် မွန်းတည့်မတိုင်မီ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။
(ဒုတိယသမ္မတမိုက်ပင့်စ်နှင့် ဇနီး) (Photo: @VP/Twitter)
ဇန်နဝါရီ ၂၀ ရက် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို COVID-19 ကူးစက်မှုတွေကြောင့် တက်ရောက်သူဦးရေ ကန့်သတ်ထားပြီး၊ ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းများနဲ့အညီ ကျင်းပပြုလုပ်မယ်လို့ ဂျိုးဘိုင်ဒန်ရဲ့အဖွဲ့က ပြောထားပါတယ်။ ကျမ်းသစ္စာကျန်ဆိုပွဲကို သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘာရတ်အိုဘားမား၊ ဘီလ်ကလင်တန်နဲ့ ဂျော့ဂျ်ဒဗလျူဘုရှ်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ထို့အတူ ရာထူးမှထွက်ခွာတော့မယ့် ဒုတိယသမ္မတမိုက်ပင့်စ်ကလည်း ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မှာဖြစ်ပြီး ဝါရှင်တန်ဒီစီမြို့တော်အပြင်ဘက် စစ်တပ်စခန်းတစ်ခုမှာ ပြုလုပ်တဲ့ သမ္မတထရန့်ရဲ့ နှုတ်ဆက်ပွဲကို တက်ရောက်မှာမဟုတ်ကြောင်း သိရပါတယ်။
(နှုတ်ဆက်မိန့်ခွန်းပြောကြားခဲ့သည့် ထရန့်) (Photo: White House)
ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရာထူးသက်တမ်းကုန်တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နှုတ်ဆက်မိန့်ခွန်းတစ်ရပ် ပြောကြားမှုကို သမ္မတအိမ်ဖြူတော်ရဲ့ YouTube ချန်နယ်ကနေ ယမန်နေ့ (ဇန်နဝါရီ ၁၉ ရက်) မှာ လွှင့်တင်ခဲ့ပါတယ်။ ထရန့်က အစိုးရအဖွဲ့သစ်အတွက် ဆုမွန်ကောင်းတောင်းကြရန် တိုက်တွန်းခဲ့ပေမဲ့ ဂျိုးဘိုင်ဒန်ရဲ့အမည်ကို အသိအမှတ်ပြု ရည်ညွှန်းပြောကြားခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။
ယမန်နှစ် နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် Electoral College မဲအရေအတွက် ၃၀၆ မဲဖြင့် အနိုင်ရခဲ့ပြီး ထရန့်ကတော့ ၂၃၂ မဲရရှိခဲ့ပါတယ်။ သို့သော် ထရန့်ဟာ လက်ရှိအချိန်အထိ ဂျိုးဘိုင်ဒန် သမ္မတရွေးကောက်ပွဲ အနိုင်ရမှုကို အပြည့်အဝ လက်ခံခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
(လွှတ်တော်အဆောက်အအုံမှ ထရန့်လိုလားသူများ ဆူပူအုံကြွမှု) (Photo: Reurters)
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲအနိုင်ရမှုကို အပြီးသတ် အတည်ပြုရန် ကွန်ဂရက်လွှတ်တော် အစည်းအဝေးကျင်းပခဲ့စဥ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ အကြမ်းဖက်စီးနင်းကြတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွက် ထရန့်ကို လှုံ့ဆော်မှုဖြင့် အမေရိကန်အောက်လွှတ်တော် (House of Representative) က စွပ်စွဲပြစ်တင်ပြီး စွဲချက်တင်ကြောင်း မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
ထရန့်ဟာ အမေရိကန်သမိုင်းမှာ စွပ်စွဲပြစ်တင်မှု နှစ်ကြိမ်ခံရတဲ့ ပထမဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် အထက်လွှတ်တော် (Senate) မှာ ထရန့်ကို စွဲချက်တင်ပြီး ဆက်လက် ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ သုံးပုံနှစ်ပုံက ထောက်ခံပါက ထရန့်ဟာ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခြင်းကဲ့သို့ နိုင်ငံရေးလုပ်ဆောင်ခြင်းကနေ တားမြစ်ပိတ်ပင်ခံရနိုင်ပါတယ်။
Share