• Featured

    ရခိုင်စစ်ရှောင် အလုပ်သမားလေးဦးကို ညောင်နှစ်ပင် ဘဲမွေးမြူရေးခြံထဲမှာ ပိတ်လှောင်ထားမှု ဖြစ်ပွား

အလုပ်သမားတွေက အလုပ်ထွက်ဖို့ တောင်းဆိုရာကနေ အခုလိုပိတ်လှောင်ထားခံခဲ့ရတာပါ။

လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ဘဲမွေးမြူရေးခြံမှာ အလုပ်လုပ်နေတဲ့ ရခိုင်စစ်ရှောင်အလုပ်သမားလေးဦးကို အလုပ်ရှင်က မတရားအလုပ်စေခိုင်းနေတာကြောင့်အလုပ်ကနေ ထွက်ခွင့်ပေးဖို့ ပြောဆိုမှုအပေါ် လက်မခံတဲ့အပြင်အလုပ်သမားတွေကို ခြံအပြင်ပေးမထွက်တော့ဘဲ ပိတ်လှောင်ထားတယ်လို့ လှည်ကူး စစ်ရှောင်စခန်း တာဝန်ခံ ဦးအေးလှိုင်ကပြောပါတယ်။

ရခိုင်စစ်ရှောင် အလုပ်သမား လေးဦးကို တစ်လငွေကျပ်တစ်သိန်းနှစ်သောင်းနဲ့ ဘဲရေတိုက်ခြင်း၊ ဘဲအစာကျွေးခြင်း၊ ခြံစည်းရိုးပျက်ပါကပြင်ဆင်ရမည်ဟုဆိုကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှာ ည ၂ နာရီမှ ၄ နာရီအထိလည်း အလုပ်များထပ်မံခိုင်းစေတဲ့အတွက် အလုပ်သမားတွေက အလုပ်ဆက်လက်လုပ်ကိုင်လိုခြင်းမရှိကြောင်းကို မန်နေဂျာ နဲ့ အလုပ်ရှင်ကို အကြိမ်ကြိမ်ပြောဆိုခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့်အလုပ်သမားတွေရဲ့ဆက်သွယ်ပြောဆိုမှုကြောင့်အလုပ်သမားတွေကိုခေါ်ထုတ်ဖို့ လှည်းကူးစစ်ရှောင်စခန်းတာဝန်ရှိသူဟာ နယ်မြေအပိုင်ရဲတပ်ဖွဲ့အကူအညီရယူပြီးသွားရောက်ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ဘူးလို့သိရပါတယ်။

"ကျွန်တော်တို့သတင်းရလို့ လိုက်သွားတော့ ခြံထဲနဲ့ခြံပြင်ပဲစကားပြောရတယ်။ နောက်ရက် ဂငယ်ရဲစခန်းကို သွားအကူညီတောင်းတော့ ရဲစခန်းကအကူအညီပေးပါတယ်။၁၇ ရက်နေ့မှာ ရဲနှစ်ယောက်ရယ်ကျွန်တော်တို့အဖွဲ့ ၊ဘဲခြံရှိတဲ့နေရာကတာဝန်ရှိသူတွေသွားကြတော့ သူတို့ကတာဝန်ရှိသူပဲဝင်လို့ရတယ်ပြောလို့ကျွန်တော်နဲ့ ရာအိမ်မှူးရယ်၊ နောက်တစ်ယောက်နဲ့သုံးယောက်ဝင်တယ်။ ဆွေးနွေးတယ်၊ရောက်ကတည်းက သူတို့ကအလုပ်သမားတွေကို ဖိပြီးပြောတာများတယ်။ သူတို့သူဌေးလာမယ်ဆိုလို့ ၂နာရီလောက်ထပ်စောင့်ရတယ်။အဲ့လူကားပေါ်ကဆင်းကတည်းက ခြိမ်းခြောက်တာတွေရောအမျိုးမျိုးပြောကြတယ်။ အတူပါတဲ့ စခန်းမှူးကအလုပ်သမားတွေကိုပြန်ခွင့်ပြုပေးဖို့ပြောတာလည်းသူတို့ကလက်မခံဘူး။ လက်မခံတဲ့အပြင်မန်နေဂျာကို ချက်ခြင်းစာချုပ်,ချုပ်ရေးလုပ်ခိုင်းတယ်။ နောက်ထပ်အလုပ်သမားကိစ္စလာပြောရင်၊အလုပ်သမားတွေထွက်ပြေးရင် ကျွန်တော်က သိန်း ၃၀ လျော်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော်က ဒါမတရားလုပ်တာပဲ မထိုးနိုင်ဘူးလို့ပြောပြီးပြန်ဖို့လုပ်တော့ အထဲကအပြင်ကိုထွက်ဖို့ ရေမြောင်းကနေ ရေကူးပြီးအပြင်ကိုထွက်ခဲ့ရတာပါ။"လို့ ဥိးအေးလှိုင်က ပြောပါတယ်။

ဒါကြောင့် အလုပ်သမားတွေကို မတရားပိတ်လှောင်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ညောင်နှစ်ပင်နယ်မြေအပိုင် ရဲစခန်းမှာပဲ အမှုဖွင့်ထားပေမယ့်လည်း အမှုဖွင့်လှစ်ထားကြောင်းစာရွက်စာတမ်းတွေမရရှိသေးသလို၊ ဘယ်လိုပုဒ်မနဲ့ အမှုဖွင့်အရေးထားတယ်ဆိုတာလည်း မသိရှိရသေးဘူးလို့သိရပါတယ်။

"သူတို့ကမြန်မာစကားကောင်းကောင်းမတတ်ကြဘူး။အလုပ်သမားတွေကို ခေါ်ပေမယ့်အလုပ်ဘက်က ပြန်မထည့်နိုင်ဘူးပြောတယ်။ဒါနဲ့ အမှုဖွင့်ဖို့လုပ်တယ်။ရဲစခန်းနဲ့စကားအတော်လေးပြောပြီးနောက်မှတိုင်စာရေးခိုင်းတယ်။ မြို့နယ်ရဲစခန်းခေါ်သွားတယ်။ မြို့နယ်ရဲမှူးကလက်ခံရင် လက်ခံမယ်ပြောတယ်။ မနေ့ကထပ်သွားတော့ ဂငယ် ရဲစခန်းကိုထပ်သွားရတယ်။ ထပ်သွားတော့ ရဲစခန်းကပြင်ခိုင်းတယ် စစ်ဘေးရှောင်ဆိုတာမရှိဘူးစစ်ဘေးရှောင်မသုံးပါနဲ့။ရွှေ့ပြောင်းနေထိုင်သူပဲသုံးပါပေါ့။ အမှုဖွင့်ပေးမယ်ပြောတယ်။ပ-၂ လို့ပြောတယ်၊ အမှုဖွင့်တယ်ဆိုတဲ့စာရွက်စာတမ်းမပေးသေးဘူး။ပုဒ်မလည်းမသိရသေးဘူး။အမှုတော့ဖွင့်လိုက်ပြီလို့ထင်တယ်။"လို့ကူညီဆောင်ရွက်ပေးနေတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဥပဒေအထောက်အကူပြုဌာန)မှ ကိုအောင်သူ ကပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်စစ်ရှောင်အလုပ်သမားလေးဦးဟာ ဘဲမွေးမြူရေးခြံထဲမှာပဲရှိနေသေးကြောင်းနဲ့ အလုပ်သမားတွေကို အလုပ်ကနေထွက်ချင်ရင် ၅ သိန်းပေးရမယ်လို့ ပြောဆိုတဲ့အပြင်၊ ဘာအကြောင်းအရာမှရေးသားထားခြင်းမရှိတဲ့ စာရွက်အလွတ် A4 စာရွက်ပေါ်မှာလည်း လက်မှတ် ထိုးခိုင်းကြောင်း၊ အသက်အန္တရာယ်ကိုခြိမ်းခြောက်တဲ့စကားမျိုးတွေကိုလည်း အလုပ်ရှင်ဘက်ကနေ ပြောဆိုမှုရှိတယ်လို့ သိရပါတယ်။

အလုပ်သမားလေးဦးရဲ့ဖုန်း၊အိမ်ထောင်စုစာရင်း၊မှတ်ပုံတင်တွေကိုလည်း အလုပ်ရှင်ဘက်က သိမ်းထားပြီး ခြံထဲက အပြင်ပေးမထွက်ဘဲ ပိတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး နယ်မြေအပိုင်ရဲစခန်းမှ စခန်းမှူးဆီကို ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။

(အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်သည်။)

Share

Loading Next Article...
က္က