၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် မွန်းတည့်ချိန်မတိုင်မီ လွှတ်တော်အဆောက်အအုံရှေ့ ကျမ်းသစ္စာကျန်ဆိုပွဲမှာ တရားရုံးချုပ် တရားသူကြီး ဂျွန်ရောဘတ်စ်ရဲ့ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပြီး အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

(Photo: AFP)
ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ယနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဘိုင်ဒန်နဲ့အတူ ကမ်မလာဟာရစ်ကလည်း ကျမ်းသစ္စာကျိန်ဆိုပြီး အမေရိကန်သမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ ဖြစ်လာခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အမေရိကန်သမ္မတဘိုင်ဒန်က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။
အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတဖြစ်လာမယ့် 'လူလတ်တန်းစားဂျိုး'
(Photo: Getty Images)
"ဒါဟာ အမေရိကနေ့ဖြစ်တယ်၊ ဒီမိုကရေစီနေ့ဖြစ်တယ်၊ သမိုင်းနဲ့ မျှော်လင့်ချက် နေ့တစ်နေ့ဖြစ်တယ်၊ ဒီမိုကရေစီ အောင်ပွဲခံခဲ့ပြီ" စသဖြင့် ဘိုင်ဒန်က အမေရိကန်သမ္မတအဖြစ် ပထမဆုံး မှတ်ချက်ပြုခဲ့ပါတယ်။ ဘိုင်ဒန်က ကပ်ရောဂါအပါအဝင် ၎င်းရဲ့အစိုးရအဖွဲ့ ရင်ဆိုင်သွားမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အတားအဆီးတစ်ခုချင်းစီကို ရင်ဆိုင်ပြီး အနိုင်ယူသွားမယ်လို့ ပြောခဲ့ပါတယ်။ သမ္မတအဖြစ် ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းအတွင်း စည်းလုံးညီညွတ်ရမယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။
(Photo: Getty Images)
အမေရိကန်သမ္မတသစ် ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘာရတ်အိုဘားမား၊ ဂျော့ဂျ်ဒဗလျူဘုရှ်နဲ့ ဘီလ်ကလင်တန်တို့က ၎င်းတို့ရဲ့ဇနီးတွေနဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။ ထို့အတူ အမေရိကန်ဒုတိယသမ္မတအဖြစ် သက်တမ်းကုန်ဆုံးခဲ့တဲ့ မိုက်ပင့်စ်ကလည်း ဝါရှင်တန်ဒီစီမြို့တော်အပြင်ဘက် အန်ဒရူးလေတပ်စခန်းမှာ အစောပိုင်း ပြုလုပ်ခဲ့တဲ့ သမ္မတဒေါ်နယ်ထရန့်ရဲ့ နှုတ်ဆက်အခမ်းအနားကို မတက်ရောက်ဘဲ ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။
အမေရိကန်သမိုင်းရဲ့ ပထမဆုံး အမျိုးသမီးဒုတိယသမ္မတ ကမ်မလာဟာရစ်
(Photo: Reuters)
သမ္မတသက်တမ်းကုန်ဆုံးပြီး အိမ်ဖြူတော်မှထွက်ခွာရတဲ့ ထရန့်ကတော့ သမ္မတသစ်ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ခြင်းမရှိခဲ့ရာ ၁၈၆၉ ခုနှစ်နောက်ပိုင်း သက်တမ်းကုန်ဆုံးတဲ့ သမ္မတတစ်ဦးက နောက်တက်မယ့် သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခြင်းမရှိမှု ဖြစ်လာခဲ့ပါတယ်။
ထရန့်ဟာ ကျမ်းကျိန်ပွဲနေ့ မနက်အစောပိုင်းမှာပင် အိမ်ဖြူတော်မှထွက်ခွာပြီး အန်ဒရူးလေတပ်စခန်းသို့ သွားရောက်ခဲ့ပါတယ်။ လေတပ်စခန်းမှာ နှုတ်ဆက်မိန့်ခွန်းပြောကြားပြီးနောက် ဖလော်ရီဒါပြည်နယ်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။
(Photo: Getty Images)
လွှတ်တော်အဆောက်အအုံရှေ့မှာ ကျင်းပပြုလုပ်တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ အဆိုတော်လေဒီဂါဂါက နိုင်ငံတော်သီချင်းကို သီဆိုခဲ့ပါတယ်။ ထို့အတူ အဆိုတော်ဂျနီဖာလိုပက်ဇ်ကလည်း သီဆိုဖျော်ဖြေခဲ့ကြောင်း သိရပါတယ်။
ဘိုင်ဒန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေကြောင့် တက်ရောက်သူဦးရေ ကန့်သတ်ထားခဲ့ပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်အဆောက်အအုံကို ထရန့်လိုလားသူများ ဆူပူအုံကြွ စီးနင်းခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ပစ်မှတ်ထားတဲ့ လက်နက်ကိုင် ဆန္ဒပြမှုများရှိလာနိုင်တာကြောင့် စစ်သား ၂၅,၀၀၀ က လုံခြုံရေးစောင့်ကြပ်ခဲ့ကြပါတယ်။
(Photo: Reuters)
ဘိုင်ဒန်က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက် (Paris Aggrement) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှာ အမေရိကန်နိုင်ငံ ပြန်လည်ပါဝင်မှုနဲ့အတူ အစိုးရအဖွဲ့သစ်ကို စတင်သွားမယ်လို့ ၎င်းရဲ့လက်ထောက်တွေက ပြောထားပါတယ်။ ဘိုင်ဒန်က အမိန့်ညွှန်ကြားချက်နဲ့ အရေးယူဆောင်ရွက်မှု ၁၇ ခုကို သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအတွင်း လက်မှတ်ရေးထိုးကာ သမ္မတဒေါ်နယ်ထရန့်ရဲ့ မူဝါဒတွေကို ပြောင်းလဲမှုစတင်သွားမယ်လို့ ဆိုပါတယ်။
.