Samsung Display ဟာ လက်ပ်တော့တွေအတွက် ကမ္ဘာ့ပထမဆုံး 90Hz OLED screen အကြီးအကျယ်ထုတ်လုပ်မှု လုပ်ဆောင်မယ့်အစီအစဉ်တွေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
90Hz OLED screen ထုတ်လုပ်မှုကို မတ်လထဲမှာ စတင်သွားမှာ ဖြစ်ပြီး အရေအတွက် အမြောက်အများ ထုတ်လုပ်သွားမယ်လို့ ကုမ္ပဏီရဲ့ CEO ချွိုင်ဂျိုဆွန်းက ဆိုပါတယ်။ ကမ္ယာတစ်လွှားက IT ကုမ္ပဏီအတော်များများဟာ ဒီ panels သစ်သုံးထားတဲ့ မော်ဒယ်တွေ ဖြန့်ချိဖို့လည်း မျှော်လင့်ထားပါတယ်။ လက်ရှိ ဈေးကွက်ထဲ ဝင်နေတဲ့ လက်ပ်တော့အများစုဟာ 60Hz refresh rate display နဲ့ လာတာပါ။

Photo: koreaherald
Refresh rate အမြင့်သုံးထားတဲ့ လက်ပ်တော့တွေဟာ ပါဝါနဲ့ ဂရပ်ဖစ်ကတ်စွမ်းဆောင်ရည် ပိုလိုအပ်ပေမယ့် သုံးစွဲမှုအပိုင်းမှာ အလွန်ချောမွေ့မြန်ဆန်စေမှာ ဖြစ်ပါတယ်။ OLED display အမျိုးအစားနဲ့လာမှာ ဖြစ်လို့ 90Hz ချင်းအတူတူ LCD display တွေထက် screen တုန့်ပြန်မှုကြာချိန် ပိုမြန်ဆန်သွက်လက်မယ်လို့လည်း Yonhap News agency က ဖော်ပြထားပါတယ်။ 90Hz OLED display ဟာ 120Hz LCD screen တွေထက်တောင် နည်းနည်းပိုမြန်မယ်လို့ ဆိုပါတယ်။
"Samsung Display အနေနဲ့ ကမ္ဘာ့ထုတ်လုပ်သူတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလက်တွဲနေရင်း ဈေးကွက်ထဲမှာ အဓိကကျတဲ့ ပြောင်းလဲမှုတစ်ရပ်လုပ်နေပါတယ်။ ဓါတ်ပုံတစ်ပုံကို တစ်စက္ကန့် ဖရိမ် ၉၀ နဲ့ Rendering လုပ်ရာမှာ လှုပ်ရှားမှုက ပိုပြီး အသက်ဝင်သလို ကာလာရှုထောင့်တစ်ခုကနေ ကြည့်ရာမှာလည်း ပိုပြီး သပ်ရပ်မှု ရှိမှာ ဖြစ်ပါတယ်။" လို့ ကုမ္ပဏီက ဆိုပါတယ်။
ထုတ်လုပ်မယ့် panel ရဲ့ aspect ratio နဲ့ resolution တွေအကြောင်း Samsung Display ဘက်မှ အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေမယ့် panel အရွယ်အစားဟာ ၁၄ လက်မ ရှိမယ်လို့ ဆိုပါတယ်။ ဒီ panel သုံးလာနိုင်တဲ့ လက်တော့ပ် OEM ကုမ္ပဏီတွေနာမည်ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။