အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို လုံခြုံရေးစောင့်ကြပ်ရန် ဝါရှင်တန်ဒီစီမြို့တော်မှာ ဖြန့်ကျက်ချထားခဲ့တဲ့ အမျိုးသားအစောင့်တပ်ဖွဲ့မှ စစ်သား ၁၅၀ နဲ့ ၂၀၀ ကြား COVID-19 ကူးစက်ခံရကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပြောပါတယ်။

(Photo: Rod Lamkey/Reuters)
ဇန်နဝါရီ ၆ ရက်နေ့က အမေရိကန် လွှတ်တော်အဆောက်အအုံကို ဒေါ်နယ်ထရန့်လိုလားသူတွေက ဆူပူအုံကြွ စီနင်းခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း ဝါရှင်တန်စီဒီမြို့တော်မှာ သံဆူးကြိုးတပ်ထားတဲ့ အကာအရံများချထားခြင်းနဲ့ အစောင့်တပ်ဖွဲ့မှ စစ်သားတွေက စစ်ဆေးရေးဂိတ်များမှာ စောင့်ကြပ်ခြင်းတို့ အပါအဝင် လုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် စစ်သား ၂၅,၀၀၀ ကျော်က ဝါရှင်တန်ဒီစီမှာ လုံခြုံရေးစောင့်ကြပ်ခဲ့ကြတာ ဖြစ်ပါတယ်။ COVID-19 ကူးစက်ခံရတဲ့ စစ်သားအရေအတွက်ဟာ မြင့်တက်လာနိုင်ကြောင်း၊ သို့သော် ဝါရှင်တန်ဒီစီမှာ ဖြန့်ကျချထားခဲ့တဲ့ စုစုပေါင်း အရေအတွက်ရဲ့ အနည်းငယ်မျှသာဖြစ်ကြောင်း အမည်မဖော်ပြတဲ့ အမေရိကန်အစိုးရတာဝန်ရှိသူက ပြောခဲ့ပါတယ်။
(Photo: Brandon Bell/Reuters)
အမေရိကန်မှာ ကြာသပတေးနေ့ (ဇန်နဝါရီ ၂၁ ရက်) ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူ ၄,၀၀၀ ကျော်ရှိခဲ့ပြီး နှစ်ရက်ဆက်တိုက် ထိုအရေအတွက်ဖြစ်ခဲ့ကြောင်း Reuters သတင်းဌာနက လေ့လာဆန်းစမှုအရ သိရှိရပါတယ်။ ယခုအခါ အမေရိကန်မှာ ကပ်ရောဂါ ကူးစက်ခံရသူ ၂၅ သန်းကျော်နဲ့ သေဆုံးသူ ၄၂၀,၀၀၀ နီးပါးရှိပြီ ဖြစ်ပါတယ်။
အမျိုးသားအစောင့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်သားများ ကူးစက်ခံရမှုကို ဆွေးနွေးသွားမှာမဟုတ်ကြောင်း၊ သို့သော် စစ်သားတွေဟာ တပ်စခန်းမှထွက်ခွာစဥ်နဲ့ မြို့တော်သို့ရောက်ရှိစဥ် ကိုယ်အပူချိန်တိုင်းခြင်း အပါအဝင် CDC (Centers for Disease Control and Prevention) လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခဲ့တယ်လို့ ပြောထားပါတယ်။
(Photo: Caitlin Ochs/Reuters)
လက်ရှိမှာ ဝါရှင်တန်ဒီစီကနေ ထောင်နဲ့ချီတဲ့ စစ်သားအရေအတွက် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေကြောင်းနဲ့ လာမယ့် ငါးရက်မှ ၁၀ ရက်အတွင်း စစ်သား ၁၅,၀၀၀ ခန့် ပြန်လည်ထွက်ခွာမယ်လို့ ခန့်မှန်းထားပါတယ်။ စစ်သားအရေအတွက် ၇,၀၀၀ ခန့်ကတော့ ဝါရှင်တန်ဒီစီမှာ အနည်းဆုံး ယခုလကုန်အထိ ဆက်လက်ရှိနေမယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ပြောထားပါတယ်။ မတ်လလယ်ပိုင်းအထိ ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့မှ စစ်သား ၅,၀၀၀ ဆက်လက်ရှိနေရန် စီစဥ်ထားကြောင်း၊ သို့သော် အရေအတွက်နဲ့ အချိန်ကာလ အပြောင်းအလဲရှိနိုင်ကြောင်း သိရပါတယ်။
(Photo: Erin Scott/Reuters)
COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၂ ရက်) မနက်ပိုင်းအထိ လူဦးရေ ၁၉ သန်းကျော်ကို ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ နိုင်ငံတစ်ဝန်း ကာကွယ်ဆေး ၃၉ သန်းကျော် ဖြန့်ဝေပြီးဖြစ်ကြောင်း CDC က ထုတ်ပြန်ပါတယ်။ အမေရိကန်မှာ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးနှစ်မျိုး ထိုးနှံပေးနေခြင်းဖြစ်ပြီး ထိုကာကွယ်ဆေးတွေဟာ လူတစ်ဦးကို နှစ်ကြိမ်ထိုးနှံရန် လိုအပ်ပါတယ်။