အခုဆို မိန်းမဆီက ပိုက်ဆံပြန်တောင်းသုံးနေရတယ်။

ငှက်ပျောကြော်ဟာ ကိုဗစ်ကူးစက်ရောဂါကြောင့် အလုပ်တွေနားထားရပေမယ့် လုံးဝ မေ့လို့မရတဲ့ အမှတ်တရလေးတွေ ကြုံလိုက်ရတယ်လို့ ဆိုပါတယ်။ 

Photo: Nga Pyaw Kyaw



ပရိသတ်တွေကို ဟာဒယရွှင်ဆေးတိုက်ကျွေးရင်း ရယ်စရာ၊ ပျော်စရာလေးတွေ ပြောတတ်တဲ့ ငှက်ပျောကြော် ကတော့ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားနေရတယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူ တားရော့ခ်ဟောလို့ရတဲ့ ငွေကြေးနဲ့ မိသားစု စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ မီဒီယာ တွေကို ပြောပြခဲ့ပါတယ်။

“ ကိုဗစ်ကာလမှာ ကျွန်တော် အလုပ် လုံးဝ မရှိတဲ့အတွက် Daily ကြေးတွေ ကျွန်တော် ရိုက်ရတယ်၊ တစ်ပြား နှစ်ပြား ခွာသုံးနေရတယ်။ တစ်ပြား၊ နှစ်ပြားလောက်ပေးတာတောင် ကျွန်တော်ယူပါတယ်။ အရင်တုန်းကလို ဆယ်ရက်၊ ဆယ့်ငါးရက်တွေလည်း မရိုက်ရတော့ပါဘူး။ မိန်းမဆီက ပြန်တောင်းသုံးနေရပါတယ်။ ကျွန်တော့် မိန်းမက အွန်လိုင်းကနေ တားရော့ခ်ဗေဒင်လေးတွေ ဟောတယ်၊ အခုချိန်မှာ လူတွေကလည်း စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးအကြောင်းတွေ မေးကြတယ် တစ်ယောက်(၃) သောင်းဆိုတော့ တစ်နေ့ကို (၄) ယောက်၊ (၅) ယောက်လောက် လာမေးကြတယ်။ အဲဒီမှာ ကျွန်တော်က အပေါက်စောင့်ပေါ့ဗျာ လာမေးတဲ့သူတွေကို ပျူပျူငှာငှာနဲ့ ဆက်ဆံနေရတယ်။ ကိုယ်က လိုင်းပြောင်းသွားပြီလေ။ စားပြီးသား ပန်းကန်တွေလည်း ဆေးရ ကိုယ့်မှာ မီးဖိုချောင်ထဲကကို မထွက်ရဘူး ကိုဗစ်ကာလ အမှတ်တရတွေပေါ့ဗျာ" လို့ သူကဆိုပါတယ်။ 

Photo: Nga Pyaw Kyaw

ဒါ့အပြင် သူ့ အနေနဲ့ အိမ်မှာနေရင်းနဲ့တောင် အလိမ်ခံလိုက်ရတဲ့ အမှတ်တရကလည်း မေ့လို့ မရလောက်တဲ့ ကိုဗစ်ကာလ အမှတ်တရ ဖြစ်ခဲ့သေးတယ်လို့ ငှက်ပျောကြော်က ဆိုပါတယ်။ 

“ဒီကြားထဲဗျာ ကိုဗစ်ကာလမှာတောင်မှ ကျွန်တော့်ကို ROLEX နာရီနဲ့ လာကန်တော့တဲ့လူတောင် ရှိခဲ့ပါတယ်။ နာရီကတော့ နောက်မှ လာပေးမယ်ဆိုပြီး ပိုက်ဆံ (၃) သောင်းကတော့ ပါသွားတယ်။ ကျွန်တော်လည်း လူရွှင်တော်ဖြစ်ပြီး တော်တော် အကင်းမပါးတဲ့လူဖြစ်သွားတယ်။ ဒီအချိန်ကြီးကျမှ ဒီလို ဖြစ်ရတယ်ပေါ့နော်။ ROLEX နာရီနဲ့ လာကန်တော့တာတောင် နောက်မှ လာပေးပါမယ် အိမ်မှာ ကျန်ခဲ့တယ် ဆိုတာလောက်ကို ကျွန်တော် ယုံလိုက်တာ။ ဟိုကောင်လေး မမှားပါဘူး။ ဒါက ကိုဗစ်ကာလမှာ အမှတ်တရပဲ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nga Pyaw Kyaw

ငှက်ပျောကြော်ကတော့ အနုပညာအလုပ်တွေကို လူရွှင်တော် တစ်ယောက်အဖြစ် စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ TV ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားတာ တွေ့ရပါတယ်။ ငှက်ပျောကြော်ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပါပြီ။ အခုချိန်ထိလည်း အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတုန်းပါပဲ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က