ဆုကြေးငွေစုစုပေါင်း ကန်ဒေါ်လာ ၃ သိန်း (မြန်မာငွေ သိန်း ၄၀၀၀ ခန့်) အထိ ပေးသွားတဲ့ ကမ္ဘာ့အဆင့် Mobile Legends M2 World Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls ဟာ 1st Runner-Up ဆု ရရှိခဲ့ပါတယ်။
စင်ကာပူနိုင်ငံမှာ ကျင်းပသွားတဲ့ M2 World Championship ရဲ့ Grand Final အဆင့်မှာ မြန်မာနိုင်ငံမှ Burmese Ghouls နဲ့ ဖိလစ်ပိုင်မှ Bren ESports တို့ တွေ့ဆုံခဲ့ပြီး Bren Esports မှ ၄-၃ နဲ့ နိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံအသင်းဟာ စုစုပေါင်း ငွေသားဆုကြေး ဒေါ်လာ ၁၄၀၀၀၀ (မြန်မာငွေ ကျပ် သိန်း ၁၈၆၅ သိန်းကျော်) နဲ့အတူ အကောင်းဆုံးဟီးရိုးရွေးချယ်မှုမှာTeam Branding နဲ့အတူ ကိုယ်ပိုင် Skin တစ်ခုပါ ရရှိမှာ ဖြစ်ပါတယ်။
1st Runner Up ရရှိခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းဟာ ပြိုင်ပွဲစဉ်တစ်လျှောက် တောက်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ထိုက်တန်တဲ့ လက်ရည်ကို ထုတ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ eSports သမိုင်းမှာရော ကမ္ဘာ့ eSports နယ်ပယ်မှာပါ M2 World Championship မှာ ပြသသွားတဲ့ Burmese Ghouls ရဲ့ မှတ်တမ်းနဲ့စွမ်းရည်ဟာ သမိုင်းဝင်တော့မှာ ဖြစ်ပါတယ်။
M2 World Championship ပွဲအုပ်စုအဆင့်မှာ Group A,B,C,D ဆိုပြီး အသင်း ၃ သင်းစီနဲ့စုစုပေါင်း ၁၂ သင်း ဝင်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး MPL-Myanmar ချန်ပီယံ Burmese Ghouls အသင်းဟာ Group A အုပ်စုမှာ စင်ကာပူမှ RSG ၊ ရုရှားမှ Unique Devu တို့နဲ့အတူ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo: vpesports
ဇန်နဝါရီ ၁၈ ရက် Group A Match တွေမှာ Burmese Ghouls ဟာ Unique Devu ကို ၂-၀ ၊ RSG ကို ၂-၁ ရလဒ်တွေနဲ့ ရှုံးပွဲမရှိ အနိုင်ရခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက် Upper Bracket Match 3 မှာ Burmese Ghouls ဟာ ဖိလစ်ပိုင်မှ Bren Esports အသင်းကို ၂-၀ နဲ့ နိုင်ခဲ့ပါပါတယ်။ နောက်တစ်ရက် ဇန်နဝါရီ ၂၃ ရက်နေ့မှာ Burmese Ghouls ဟာ နာမည်ကျော် MPL Indonesia ချန်ပီယံ RRQ Hoshi ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ၃-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက် Grand Final အဆင့်မှာ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းဟာ Grand Final မှာ စောင့်ပြီး Match 9 Lower Bracket Final မှ RRQ Hoshi ကို ၁-၃ နဲ့ အနိုင်ရခဲ့တဲ့ Bren Esports အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ Best of 7 ကစားမှုဟာ စိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ အကြိတ်အနယ်အဖြစ်ဆုံး ပွဲစဉ်အဖြစ်ကြည့်ရှုခဲ့ရတာ ဖြစ်ပြီး Burmese Ghouls ဟာ Bren Esports ကို နောက်ဆုံးမှာ ၄-၃ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မချီးကျူးဘဲ မနေနိုင်လောက်အောင် ဂုဏ်ယူဖွယ်ကစားသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။
Photo: Burmese Ghouls Facebook
Mobile Legends M2 World Championship ပြိုင်ပွဲကို Mobile Legends: Bang Bang ကုမ္ပဏီ Moonton က စီစဉ်ကျင်းပခဲ့တာ ဖြစ်ပြီး ယခုတစ်ကြိမ်ဟာ ဒုတိယအကြိမ် ကျင်းပမှုလည်း ဖြစ်ပါတယ်။ Mobile Legends M2 World Championship ပွဲစဉ်မှာတော့ စင်ကာပူ ၊ ရုရှား ၊ ဖိလစ်ပိုင် ၊ မလေးရှား ၊ မြန်မာ ၊ ဂျပန် ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား နဲ့ ဘရာဇီးမှ အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပထမအကြိမ် M1 World Championship မှာတော့ ယခုနှစ်ပြိုင်ပွဲမှာ မပါရှိတဲ့ အင်ဒိုနီးရှားမှ EVOS Esports အသင်းက ချန်ပီယံဆု ရရှိသွား ခဲ့တာ ဖြစ်ပါတယ်။ EVOS Legends ဟာ ပြည်တွင်းပြိုင်ဘက် Rex Regum Qeon (RRQ) ကို ၄-၃ ရလဒ်နဲ့ စိတ်လှုပ်ရှားဖွယ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ M1 World Championship မှာ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls ဟာ စတုတ္တဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo: Mobile Legends: Bang Bang-MM Facebook page
Burmese Ghouls အသင်းဟာ ကမ္ဘာ့အဆင့် Mobile Legends M1 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် အသင်းရဲ့ ပင်တိုင်ကစားသမားတစ်ဦးဖြစ်တဲ့ Ruby DD ဟာ နိုင်ငံကူးလက်မှတ်ပြဿနာကြောင့် ပြိုင်ပွဲမှာ ပါဝင်လာနိုင်ခြင်းမရှိဘဲ နည်းပြဖြစ်တဲ့ PVNDY က အစားထိုး ဝင်ရောက်ကစားပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Ruby DD လည်း ပါဝင်လာနိုင်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် Burmese Ghouls ရဲ့ M2 World Championship အောင်နိုင်မှုဟာ မြန်မာတစ်နိုင်ငံလုံးအတွက် ဂုဏ်ယူစရာ နိုင်ငံအဆင့် eSports မှတ်တိုင်တစ်ခုအဖြစ် သမိုင်းတွင်ခဲ့ပြီ ဖြစ်ပါတယ်။
Share