မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်တဲ့သူတွေများလာကာ ပိုးတွေ့လူနာတွေ့ရှိမှုလည်းများလာတယ်လို့ သိရပါတယ်။
ယခုရက်ပိုင်းအတွင်း အနံ့ပျောက်လို့လာပြတဲ့ လူနာတွေကို စစ်ဆေးရာမှာ အားလုံးမှာ ရောဂါပိုးတွေ့ရှိနေရတယ်လို့ ချောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက Duwun ကို ပြောပါတယ်။
“ဒေသတွင်း ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်တဲ့သူတွေက များများလာတယ်။ ဒါက ရောဂါကူးစက်မှုအတွက်အစပါပဲ။ အနံံ့ပျောက်တဲ့သူတွေကို စစ်တဲ့အခါမှာလည်း ပိုးတွေ့နေရတာတော့ ဂရုစိုက်ဖို့လိုပါတယ်။ အနံ့ပျောက်လူနာတွေအနေနဲ့လည်း လာရောက်ကုသမှုခံယူဖို့ လိုသလို အိမ်မှာပဲ အသွားအလာကန့်သတ်ပြီး နေထိုင်ကြဖို့ကလည်း အဓိကပါ။ မဟုတ်ရင် ကူးစက်မှုများနိုင်တယ်”လို့ ဦးစိုးဝင်းက ပြောပါတယ်။
ချောက်မြို့မှာ ယခု ဇန်နဝါရီလအတွင်းမှာပဲ ပိုးတွေ့ရှိမှုများလာကာ ယနေ့ထိ တစ်လအတွင်း ပိုးတွေ့လူနာ (၆၀)ကျော်ရှိပြီ ဖြစ်ပါတယ်။ လက်ရှိချောက်မြို့မှာ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း (၁၅၀)နီးပါးထိ တွေ့ရှိထားပါတယ်။ ဒေသတွင်းမှာတော့ ကွာရန်တင်းစင်တာ (၃)ခုနဲ့ ကုသရေးစင်တာအနေနဲ့ လူနာ ၁၀၀ ကျော်အတွက်ကတော့ အဆင်သင့်ပြင်ဆင်ထားတာရှိတယ်လို့ သိရပါတယ်။