ရခိုင်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေကို မနက်ဖြန် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေးကို ရခိုင်ပြည်နယ်ထဲက ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဆေးရုံ တွေမှာတာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၄၀၀၀ ကျော်ကို ထိုးနှံပေးမှာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - အိန္ဒိယသံရုံး
"မနက်ဖြန်ဆေးထိုးဖို့စီစဉ်ထားတယ်။ ပြည်နယ်တစ်ခုလုံးမှာ မြို့နယ်တွေမှာ သူ့ဆေးရုံတွေမှာထိုးမယ်။စစ်တွေဆေးရုံကဝန်ထမ်းတွေ စစ်တွေဆေးရုံမှာထိုးမယ်၊မြို့နယ်ကျန်းမာကဝန်ထမ်းတွေ မြို့နယ် ကျန်းမာမှာထိုးမယ်။ပြည်နယ်ကျန်းမာကဝန်ထမ်းတွေပြည်နယ်ကျန်းမာမှာထိုးမယ်။ဆေးထိုးစုရပ်သုံးရပ်နဲ့ထိုးမယ်"လို့ ဒေါက်တာစိုးဝင်းပိုင်ကပြောပါတယ်။
ဒါ့ကြောင့် ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာမြို့နယ် ဆေးရုံတွေမှာထိုးနှံပေးမှာဖြစ်ပြီး၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာနေရာမှာထိုးနှံပေးမှာဖြစ်တယ်လို့သိရပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေက ရခိုင်ပြည်နယ်ကို ရောက်ရှိနေတာဟာ ၃ ရက်လောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။
ပထမအသုတ်အနေနဲ့ ရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေး ၁.၅ သန်းကို ဇန်နဝါရီလ (၂၄) ရက်မှာ တိုင်း/ပြည်နယ်အသီးအသီးက ကာကွယ်ဆေးသိုလှောင်ရာ အအေးခန်းတွေကို ရန်ကုန်ကနေ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ဇန်နဝါရီ (၂၇) ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေးအနေနဲ့ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမှာဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။