အမေရိကန် ကာကွယ်ဆေးကုမ္ပဏီ Novavax က ဖော်စပ်ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးဟာ ဗြိတိန်မှာစမ်းသပ်မှုအရ ၈၉.၃ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ကုမ္ပဏီက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြောကြားပါတယ်။

(Photo: Novavax)
Novavax ကာကွယ်ဆေးဟာ ဗြိတိန်မှာတွေ့ရတဲ့ ပိုမိုကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကိုလည်း ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်ကြောင်း ပဏာမ လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။ ထိုကာကွယ်ဆေးကို မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး ကူးစက်မှုများ တွေ့နေရတဲ့ တောင်အာဖရိကနိုင်ငံမှာ အလယ်အဆင့် စမ်းသပ်မှုမှာတော့ HIV ပိုးမရှိသူတွေကြား ၆၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့လည်း ဆိုပါတယ်။
Novavax က ကာကွယ်ဆေးစမ်းသပ်မှု ရလဒ်တွေကို ထုတ်ပြန်မှုဟာ အမေရိကန်မှာ တောင်အာဖရိက မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ပထမဆုံးကူးစက်မှု တွေ့ရတဲ့နေ့မှာဖြစ်ပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှုရလဒ်တွေ ထုတ်ပြန်ခဲ့ပြီးနောက် Novavax ရှယ်ယာဈေးနှုန်းဟာ ၃၄ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်
(Photo: Reuters)
Novavax က ထုတ်လုပ်ရေးနေရာ ခြောက်ခုမှာ ကာကွယ်ဆေးများ သိုလှောင်ထားပြီး အိန္ဒိယအခြေစိုက် Serum Institute of India အပါအဝင် နိုင်ငံ ခုနစ်နိုင်ငံမှာ စုစုပေါင်း စက်ရုံရှစ်ရုံဖြင့် တစ်နှစ်လျှင် COVID-19 ကာကွယ်ဆေး ၂ ဘီလီယံ ထုတ်လုပ်သွားရန် ရည်မှန်းထားကြောင်း သိရပါတယ်။
ယခု ထုတ်ပြန်လိုက်တဲ့ စမ်းသပ်မှုရလဒ်တွေဟာ ကြားဖြတ်သိရှိရတဲ့ အချက်အလက်တွေဖြစ်ကြောင်းနဲ့ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို ခွင့်ပြုချက်လျှောက်ထားရန် နှစ်လမှ သုံးလကြာလိမ့်မယ်လို့ Novavax ကုမ္ပဏီ အကြီးအကဲတွေက ပြောပါတယ်။ Novavax ကာကွယ်ဆေးကို ဗြိတိန်မှာ အသက် ၁၈ နှစ်မှ ၈၄ နှစ်အရွယ် လူဦးရေ ၁၅,၀၀၀ မှာ စမ်းသပ်ခဲ့ပြီး ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ အခြား နိုင်ငံတွေမှာ အသုံးပြုရန်အတွက် ခွင့်ပြုချက်လျှောက်ရန် ရည်ရွယ်ထားပါတယ်။
(Photo: Kirsty O'Connor/PA/Getty Images)
ဗြိတိန်မှာ စမ်းသပ်မှုအတွင်း ပါဝင်ခဲ့သူတွေအနက်က ၂၇ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်အထက်အရွယ်များ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က Novavax ကာကွယ်ဆေးစမ်းသပ်မှုရလဒ် သတင်းကောင်းကို ကြိုဆိုလိုက်ပြီး ယခုအခါ ဗြိတိန်ဆေးဝါးကွပ်ကဲရေး အာဏာပိုင်အဖွဲ့က ထိုကာကွယ်ဆေးကို အကဲဖြတ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဗြိတိန်က Novavax ကာကွယ်ဆေး သန်း ၆၀ ဝယ်ယူရန် သဘောတူညီမှုရရှိထားပြီး အင်္ဂလန်ရှိ Stockton-on-Tees မြို့ငယ်မှာ ထုတ်လုပ်သွားရန် စီစဥ်ထားပါတယ်။
Novavax ကာကွယ်ဆေးကို အမေရိကန်နဲ့ မက္ကစီကိုမှာလည်း လူဦးရေ ၃၀,၀၀၀ ပါဝင်တဲ့ စမ်းသပ်မှုများ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စတင်လုပ်ဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။ Novavax က အမေရိကန်အစိုးရထံမှ ကာကွယ်ဆေးစမ်းသပ်ရန်နဲ့ ကာကွယ်ဆေး သန်း ၁၀၀ အတွက် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ လက်ခံရရှိထားကြောင်းလည်း သိရပါတယ်။