အိန္ဒိယတယ်လီကွန်းအော်ပရေတာ Bharti Airtel ဟာ ဟိုက်ဒရာဘတ်မှာ 5G ဝန်ဆောင်မှု အောင်အောင်မြင်မြင် သရုပ်ပြစမ်းသပ်နိုင်တဲ့ အော်ပရေတာ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဟိုက်ဒရာဘတ်မှာ1.8GHz Band သုံးပြီး လုပ်ငန်းသုံး ကွန်ရက်ပေါ်မှာ 5G ဝန်ဆောင်မှုကို Live သရုပ်ပြ စမ်းသပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ GSMArena သတင်းက ဖော်ပြထားပါတယ်။ Airtel ဟာ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ထားတဲ့ Ericsson ပစ္စည်းအစိတ်အပိုင်းတွေ သုံးပြီး ရှိပြီးသား ကွန်ရက်ကို ပြီးခဲ့တဲ့နှစ်ကပဲ အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ 5G ကို ပြိုင်ဘက်တွေထက် ဦးအောင် စမ်းသပ်နိုင်ခဲ့တာပါ။
Photo: punekarnews
တစ်ခုရှိတာက 5G ကွန်ရက်အတွေ့အကြုံစစ်စစ်ရဖို့အတွက် အစိုးရကနေ ကွန်ရက်သစ်အတွက် mid-band လှိုင်းနှုန်းစဉ် (2.5 to 3.7 GHz) အတွင်း ခွဲပေးပြီးမှ ဖြစ်မယ်လို့လည်း ကုမ္ပဏီရဲ့ CEO ဂိုပယ်ဗစ်တယ်လ်က ဆိုပါတယ်။ လောလောဆယ်မှာ 4G နဲ့ 5G ကွန်ရက်အတွက် Dynamic Spectrum Sharing သုံးပြီး လှိုင်းနှုန်းစဉ် ခွဲဝေသုံးထားတာ ဖြစ်ပါတယ်။ လှိုင်းနှုန်းစဉ် ခွဲဝေရရှိပြီးတာနဲ့ Airtel ဟာ ကွန်ရက်ပြောင်းကြန့်ကြာချိန်ကို ၁၀ ဆလျှော့ပြီး မြန်နှုန်းကို ၁၀ ဆတိုးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
"အစိုးရဆီက ခွင့်ပြုချက်ရပြီး မှန်ကန်တဲ့ လှိုင်းနှုန်းစဉ် bands နဲ့ လုံလောက်တဲ့ အရေအတွက်သာ ရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ 5G ကွန်ရက် ချက်ချင်း ဖြန့်ကြက်နိုင်ပါလိမ့်မယ်။" လို့ Bharti Airtel ရဲ့ CEO က ပြောပါတယ်။
သုံးစွဲသူတွေအနေနဲ့လည်း ကွန်ရက်သစ် ပြောင်းဖို့ SIM Cards ပြောင်းစရာ လိုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အိန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့နှစ်တန်းက 5G အသုံးပြုမှုအတွက် Bands အမျိုးမျိုး လေလံတင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် တယ်လီကွန်းကဏ္ဍဘဏ္ဏာရေးအကြပ်အတည်းကြောင့် ယာယီရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် မတ်လ၁ ရက်နေ့ 4G လေလံပွဲကျင်းပဖို့ စီစဉ်ထားပြီး ဒီနှစ်အကုန်ပိုင်းမှာ 5G အသုံးပြုနိုင်ဖို့အတွက် 3.3GHz ကနေ 3.6GHz အကြား လှိုင်းနှုန်းစဉ် လေလံပွဲ ကျင်းပသွားဖို့ ရှိပါတယ်။
Photo: indiatvnews
လက်ရှိ Airtel ရဲ့ အစီရင်ခံစာအရ ကုမ္ပဏီရဲ့ ကွန်ရက်ပေါ်မှာ 5G ချိတ်ဆက်နိုင်တဲ့ ထုတ်ကုန်ပေါင်း ၁ သန်း ရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 5G ကွန်ရက်သုံးစွဲမှု တိုးမြင့်လာဖို့က နောက်ပိုင်း 5G ဖုန်းတွေ ရူပီး ၁ သောင်းကနေ ၁ သောင်းခွဲအကြား ဈေးနဲ့ ထွက်လာမှုပေါ်မှာ မူတည်နေတယ်လို့လည်း ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ်က ပြောပါတယ်။ Airtel ရဲ့ ပြိုင်ဘက် တယ်လီကွန်းတစ်ခုဖြစ်တဲ့ Reliance Jio ကလည်း ၂၀၂၁ ဒုတိယနှစ်ဝက်အတွင်း 5G ကွန်ရက် ဖြန့်ကြက်ဖို့ စီစဉ်ထားကြောင်း ကြေညာထားပါတယ်။