သုံးလအတွင်း ဒုတိယအကြိမ် ဆေးရုံမီးလောင်မှုဖြစ်ရပ်လို့ ဆိုပါတယ်။

ရိုမေးနီးယားနိုင်ငံရဲ့ COVID-19 လူနာများအတွက် အဓိက ကုသဆေးရုံမှာ ယနေ့ (ဇန်နဝါရီ ၂၉ ရက်) မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာငါးဦး သေဆုံးခဲ့ကြောင်းနဲ့ သုံးလအတွင်း ဒုတိယအကြိမ် ဆေးရုံမီးလောင်မှု ဖြစ်ပါတယ်။

(Photo: Reuters)

ရိုမေးနီးယားမြို့တော် ဘူချာရတ်စ်မြို့ (Bucharest) ရှိ Matei Bals ဆေးရုံမှာ လူနာသုံးဦး သေဆုံးနေခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးတွေက ကနဦး တွေ့ရှိခဲ့ပါတယ်။ စတုတ္တမြောက်တစ်ဦးကိုလည်း သတိပြန်လည်လာအောင် မလုပ်နိုင်ခဲ့ကြောင်း ရိုမေးနီးယားပြည်ထဲရေးဝန်ကြီးဌာမှ တာဝန်ရှိသူ Raed Arafat က သတင်းထောက်တွေကို ပြောပါတယ်။ နောက်ပိုင်းမှာ ပဥ္စမမြောက် သေဆုံးသူကို ရေချိုးခန်တစ်ခုထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး Lucian က ဆိုပါတယ်။



Matei Bals ဆေးရုံရဲ့ မြေညီထပ်မှာ ယနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီဝန်းကျင်မှစပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာဆောင်လေးခုကို သက်ရောက်မှုဖြစ်ခဲ့ကြောင်းနဲ့ လူနာ ၁၀၂ ဦးကို ရွှေ့ပြောင်းပေးခဲ့ကြောင်း အရေးပေါ်အခြေအနေဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ Orlando Schiopu က ပြောပါတယ်။

(Photo: Reuters)

ရိုမေးနီးယားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း နိုင်ငံအရှေ့မြောက်ပိုင်းရှိ Piatra Neamt မြို့ရှိ ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုသဆောင် မီးလောင်မှုဖြစ်ပွားခဲ့ရာ COVID-19 လူနာ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ဆေးရုံမီးလောင်မှု ဖြစ်ရပ်ဆိုးကြောင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ သတိပေးချက်တွေထုတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ကောက်ချက်မချရသေးပါဘူး။

"ကျွန်တော်တို့ရဲ့ ဆေးရုံတွေ အများစုက ကာလရှည်ကြာ ဘဏ္ဍာငွေမလုံလောက်မှု၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဝယ်ယူမှုတွေနဲ့ ကြုံသလိုလုပ်နေကြတာတွေရဲ့ အကျိုးရလဒ်ဆိုတာ တစ်ကယ့်လက်တွေ့ပါပဲ" လို့ ကျန်းမာရေးဝန်ကြီး Vlad Voiculescu က Faceboook ပို့စ်တစ်ခုမှာ ယနေ့ ပြောထားပါတယ်။

(Photo: Reuters)

လူဦးရေ ၁၉ သန်းရှိတဲ့ ရိုမေးနီးယားဟာ ဥရောပသမဂ္ဂမှာ အဆင်းရဲဆုံး နိုင်ငံတွေအနက် ပါဝင်နေပြီး COVID-19 ကပ်ရောဂါကို မပြည့်စုံတဲ့ အခြေခံအဆောက်အဦနဲ့ ဝန်ထမ်းမလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖြင့် တုံ့ပြန်ဆောင်ရွက်နေရပါတယ်။ ရိုမေးနီးယားနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၇၂၁,၅၁၃ ဦး၊ သေဆုံးသူ ၁၈,၁၀၅ ဦးနဲ့ ပြန်လည်သက်သာ ၆၆၆,၀၀၁ ဦးရှိခဲ့ကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က