ယူကေ ၊ အိုင်ယာလန် ၊ ပြင်သစ် ၊ ဘရာဇီးတို့အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှာ ရှိတဲ့ အန်းဒရိုက်သုံးစွဲသူတွေဟာ Google Play Store ကနေ လောင်းကစား Apps တွေ ဒေါင်းလုပ်ဆွဲ သုံးနိုင်တော့မယ်လို့ ဆိုပါတယ်။
Google ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ မူဝါဒမှာ မတ်လ ၁ ရက်နေ့က စပြီး လက်ရှိခွင့်ပြုထားတဲ့ ယူကေ ၊ အိုင်ယာလန် ၊ ပြင်သစ် ၊ ဘရာဇီးတို့အပြင် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှာ အွန်လိုင်းလောင်းကစားမှုကို လုပ်ဆောင်နိုင်တဲ့ Apps တွေ ခွင့်ပြုသွားမယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။ Play Store ပေါ်မှာ လောင်းကစား App တွေ ရှာဖွေတာ ၊ ဒေါင်းလုပ်ဆွဲတာကို ခွင့်ပြုသွားမှာ ဖြစ်တဲ့အပြင် အဲဒီဒေသတွင်းမှာ ရှိတဲ့ သုံးစွဲသူတွေအတွက် ကြော်ငြာတွေပါ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
Photo: Poker Strategy
Google Play Store မူဝါဒသစ်မှာ အကျုံးဝင်တဲ့ နိုင်ငံတွေဟာ ဩစတြေးလျ ၊ ဘယ်လ်ဂျီယံ ၊ ဘရာဇီး ၊ ယူကေ ၊ ကိုလံဘီယာ ၊ ကနေဒါ ၊ ကမ္ဘောဒီးယား ၊ ဒိန်းမတ် ၊ ဖင်လန် ၊ ဂျာမနီ ၊ ဂျပန် ၊ အိုင်ယာလန် ၊ မက္ကဆီကို ၊ နယူးဇီလန် ၊ နော်ဝေး ၊ ရိုမေးနီးယား ၊ စပိန် ၊ ဆွီဒင်နဲ့ အမေရိကန်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေက Developer တွေအနေနဲ့ လောင်းကစားထုတ်ကုန်တွေ တင်ရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေလည်း Google က ချမှတ်ထားပါတယ်။
လောင်းကစား Apps ရေးဆွဲတဲ့ Developers တွေဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းရဲ့ ထောက်ခံချက်ရပြီး ဖြစ်ရမှာ ဖြစ်သလို ကိုယ်တင်ချင်တဲ့ အွန်လိုင်း လောင်းကစားထုတ်ကုန်အမျိုးအစားအတွက် သက်ဆိုင်ရာနိုင်ငံဆီက လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ကျပြီး ဖြစ်ရမယ်လို့ ဆိုပါတယ်။ Apps တွေအနေနဲ့ အွန်လိုင်းကာဆီနိုဂိမ်းတွေ ၊ ထီ ၊ အားကစားပွဲလောင်းကြေးများနဲ့ အင်တာနက်အားကစားဂိမ်းတွေထဲ အကျုံးဝင်ရမှာပါ။
အမေရိကန်မှာတော့ လောင်းကစားဂိမ်းတွေကို Play Store ဟာ ပြည်နယ်ပေါ်လိုက်ပြီး ခွင့်ပြသွားမယ်လို့ ဆိုပါတယ်။ အွန်လိုင်း ကာဆီနိုဂိမ်းတွေကို ဒီလာဝဲလ် ၊ နီဗားဒါး ၊ နယူးဂျာစီနဲ့ ပင်န်ဆီဗေးနီးယားပြည်နယ်တွေ ၊ အားကစားပွဲလောင်းမှုကို ကော်လိုရာဒို ၊ ကိုလမ်ဘီယာခရိုင် ၊ အီလီနွိုက်စ် ၊ အင်ဒီယာနာ ၊ အိုင်အိုဝါ ၊ မွန်တာနာ ၊ နီဗားဒါး ၊ နယူးဟမ့်ရှိုင်းယား ၊ နယူးဂျာစီ ၊ အော်ရီဂွန် ၊ ပင်န်ဆီဗေးနီးယား ၊ ရိုဒ် အိုင်းစ်လန်းဒ် ၊ တင်နက်စီနဲ့ အနောက်ဗာဂျီးနီးယား တို့မှာ ခွင့်ပြုသွားမှာပါ။
Photo: slashgear
ထီလောင်းကစားမှုကို ဂျော်ဂျီယာ ၊ အီလီနွိုက်စ် ၊ ကင်တပ်ကီ ၊ မိန်း ၊ မစ်ရှီဂန် ၊ နယူးဟမ့်ရှိုင်းယား ၊ နယူးယော့ခ် ၊ မြောက် ကယ်ရိုလိုင်းနား ၊ ပင်န်ဆီဗေးနီးယား ၊ ရိုဒ်အိုင်းစ်လန်း နဲ့ ဗားဂျီးနီးယားတို့မှာ ခွင့်ပြုချက်ပေးသွားမယ်လို့ ဆိုပါတယ်။ Apps တွေကို Google Play ပေါ်ကနေ ငွေချေနိုင်တဲ့ Paid App မဖြစ်ဖို့နဲ့ အရွယ်ရောက်သူတွေအတွက်ပဲ ဖြစ်ဖို့ သတ်မှတ်ထားပါတယ်။