အရှေ့တောင်အာရှဒေသတွင်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှာ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) ထုတ်ပြန်ချက်အရ COVID-19 ကူးစက်မှုများ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)
အင်ဒိုနီးရှားမှာ ကူးစက်ခံရသူ ၁၄,၅၁၈ ဦး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ယနေ့ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးသူ ၂၁၀ ဦး တိုးလာခဲ့ကြောင်းလည်း သိရပါတယ်။ လူဦးရေ သန်း ၂၇၀ ရှိတဲ့ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိနအထိ ကူးစက်ခံရသူ ၁.၀၆ သန်းကျော်နဲ့ သေဆုံးသူ ၂၉,၇၂၈ ဦးရှိခဲ့ပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ ကမ္ဘာတစ်ဝန်း အခြား နိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက COVID-19 စစ်ဆေးမှုနဲ့ ထိတွေ့မှုခြေရာခံမှု အနည်းဆုံးဖြစ်ကြောင်း ဝေဖန်ခံနေရပါတယ်။ အင်ဒိုနီးရှားမှာ အများပြည်သူကို ကာကွယ်ဆေးထိုးပေးမှုများ စတင်နေခဲ့ပြီဖြစ်ပြီး သမ္မတဂျိုကိုဝီဒိုဒိုက ၁၅ လအတွင်း ကာကွယ်ဆေးထိုးမှုအစီအစဥ်ကို အပြီးဆောင်ရွက်မယ်လို့ ပြောထားပါတယ်။
(Photo: AP)
ထိုအတောအတွင်း မလေးရှားနိုင်ငံမှာလည်း ယနေ့ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ ၅,၂၇၈ ဦး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု ဆက်တိုက်စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်မှုအရ မလေးရှာမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၁၃ ဦး တိုးလာခဲ့ကြောင်းလည်း သိရပါတယ်။
မလေးရှားမှာ Selangor ပြည်နယ်ဟာ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးဖြစ်ပြီး ယနေ့စာရင်းတွေအရ ကူးစက်ခံရသူ ၃,၂၈၅ ဦး တိုးလာခဲ့ပြီး ကွာလာလမ်ပူမှာတော့ နောက်ထပ် ကူးစက်ခံရသူ ၄၈၀ တိုးလာပါတယ်။ ထို့အတူ Johor ပြည်နယ်မှာ ၇၉၂ ဦးနဲ့ Sabah မှာ ၂၆၃ ဦး တိုးလာခဲ့ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မလေးရှားဟာ လက်ရှိအချိန်အထိ အရှေ့တောင်အာရှနိုင်ငံများအနက် COVID-19 ကူးစက်မှု တတိယအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၂၀၉,၆၆၁ ဦးရှိခဲ့ပြီး ၇၄၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။