အီရန်က ပင်လယ်ကွေ့အတွင်း ၎င်းတို့ဖမ်းဆီးခဲ့တဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောရဲ့ ကပ္ပတိန်ကလွဲပြီး မြန်မာနိုင်ငံသားများ အပါအဝင် သင်္ဘောသားအားလုံးကို နိုင်ငံမှ ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ပင်လယ်ကွေ့ရေပြင်အတွင်း အိုမန်နိုင်ငံ ကမ်းလွန်မှာ အီရန်က ကြားဖြတ်ဖမ်းဆီးခဲ့တဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘော Hankuk Chemi ပေါ်မှာ အင်ဒိုနီးရှား၊ မြန်မာ၊ တောင်ကိုရီးယားနဲ့ ဗီယက်နမ်တို့မှ သင်္ဘောသား ၂၀ ဦး လိုက်ပါသွားခဲ့ပါတယ်။
ထိုသင်္ဘောပေါ်မှာ လိုက်ပါသွားခဲ့ပြီး ဖမ်းဆီးခံရတဲ့ သင်္ဘောသားတွေအနက် မြန်မာ ၁၁ ဦး၊ တောင်ကိုရီးယား ၅ ဦး၊ ဗီယက်နမ် ၂ ဦးနဲ့ အင်ဒိုနီးရှား ၂ ဦး ပါဝင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြခဲ့ပါတယ်။ ယခုအခါ ၎င်းတို့အနက်မှ သင်္ဘောကပ္ပတိန်ကလွဲပြီး ကျန်သင်္ဘောသား ၁၉ ဦးလုံးကို အီရန်က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
(Photo: EPA/Tasmin News Agency)
အီရန်ကနေ ထွက်ခွာခွင့်ရခဲ့တဲ့ သင်္ဘောသားတွေအနက် မြန်မာနိုင်ငံသား ၁၁ ဦး ပါဝင်ပါတယ်။ တောင်ကိုရီးယားအစိုးရထံမှ မေတ္တာရပ်ခံခဲ့ပြီးနောက် Hankuk Chemi သင်္ဘောရဲ့ သင်္ဘောသားတွေကို လူသားချင်း စာနာထောက်ထားမှုအရ ပြန်လွှတ်ပေးသွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားက ပြောခဲ့ပါတယ်။
တောင်ကိုရီးယားအနေနဲ့ ၎င်းရဲ့ဘဏ်များမှာ အပ်နှံထားရှိတဲ့ အီရန်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ထိန်းချုပ်ထားမှု ရုပ်သိမ်းပေးရန် အရှိန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သဘောတူညီခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်ရဲ့ ယခုဆောင်ရွက်မှုဟာ ယုံကြည်မှုပြန်လည်ရရှိရန် အကူအညီဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
(Infographic Map: Reuters)
အဆိုပါ ရေနံတင်သင်္ဘောက ပင်လယ်ကွေ့မှာ ဓာတုပစ္စည်းများဖြင့် ညစ်ညမ်းမှုဖြစ်စေခြင်းကြောင့် ဖမ်းဆီးခဲ့တယ်လို့ အီရန်က ပြောထားပြီး သင်္ဘောလိုင်းကုမ္ပဏီကတော့ ငြင်းဆိုခဲ့ပါတယ်။ အမေရိကန်က အရေးယူပိတ်ဆို့မှုများကြောင့် တောင်ကိုရီးယားရှိ အီရန်ပိုင်ငွေများ လွှဲပြောင်းထုတ်ယူခြင်းမပြုနိုင်ရန် ထိန်းချုပ်ထားမှုနဲ့ ပတ်သက်ပြီး တင်းမာမှုများရှိနေစဥ်အတွင်း ရေနံတင်သင်္ဘော ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ယခုဖြစ်ရပ်ဟာ အီရန်က တစ်နှစ်ကျော်အတွင်း အဓိက ရေနံတင်သင်္ဘောတစ်စီးကို ပထမဆုံးအကြိမ် ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။
မြန်မာတွေလည်းပါတဲ့ သင်္ဘောကို အီရန်ဖမ်းဆီးမှု ဆွေးနွေးရန် တောင်ကိုရီးယားက ကိုယ်စားလှယ်အဖွဲ့လွှတ်မည်