လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၁၀၆ သန်းကျော်ကို ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကိုရှာဖွေရန် ဆောင်ရွက်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည် (World Health Organization - WHO) ရဲ့ လုပ်ငန်းစဥ်က COVID-19 ကပ်ရောဂါရင်းမြစ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

(WHO ကျွမ်းကျင်ပညာရှင် Peter Ben Embarek) (Photo: Reuters)
သို့သော် ဒေါ်နယ်ထရန့် ပြောဆိုခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့ကြောင်း အယူအဆကိုတော့ ဝူဟန်မြို့မှာ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ကြတဲ့ WHO ကျွမ်းကျင်ပညာရှင်အဖွဲ့က ပယ်ချခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း လူ ၂.၃ သန်း သေဆုံးခဲ့ပြီးဖြစ်တဲ့ COVID-19 ကပ်ရောဂါဟာ လင်းနို့တွေမှာစတင်ခဲ့ပြီး လူသားများထံသို့ နောက်ထပ် နို့တိုက်သတ္တဝါမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်။ လူတွေကို ကူးစက်စေခဲ့တဲ့ တိရိစ္ဆာန်ကို သိရှိနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ပြီး ဝူဟန်ဧရိယာမှာ လင်းနို့များ မတွေ့ရခြင်းက ၎င်းတို့ထံမှ တိုက်ရိုက်ကူးစက်နိုင်ခြေကို မှေးမှိန်ခဲ့တယ်လို့ WHO ကျွမ်းကျင်ပညာရှင် Peter Ben Embarek က ပြောခဲ့ပါတယ်။
(ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်ရောင်းချသည့်ဈေး) (Photo: AFP)
လင်းနို့များထံမှ လူသားတွေကို တိုက်ရိုက်ကူးစက်ခဲ့ခြင်းမဟုတ်ဘဲ ကြားခံမျိုးစိတ်တစ်ခုမှတစ်ဆင့် ကူးစက်နိုင်ခြေ အများဆုံးဖြစ်နိုင်တယ်လို့ ၎င်းကဆိုပါတယ်။ COVID-19 ကူးစက်မှုကို ပထမဆုံး အတည်ပြုခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလမတိုင်မီ ဝူဟန်မှာ ကြီးမားတဲ့ ကူးစက်ဖြစ်ပွားမှုရှိခဲ့ကြောင်း သက်သေအထောက်အထား မရှိခဲ့ကြောင်း တရုတ်က ပြောကြားထားပါတယ်။ WHO အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ တရုတ်ဘက်မှ အဖွဲ့ခေါင်းဆောင် Liang Wannian ရဲ့ အဆိုအရ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်မှုလမ်းကြောင်းဟာ တိရိစ္ဆာန်ကနေ ဖြစ်နိုင်နေဆဲဖြစ်ပေမဲ့ ဗိုင်းရပ်စ်သယ်ဆောင်တဲ့ တိရိစ္ဆာန်တွေကိုတော့ ခွဲခြားသိရှိနိုင်ရန် လုပ်ဆောင်ရအုံးမယ်လို့ သိရပါတယ်။
(ဝူဟန်ဓာတ်ခွဲခန်း) (Photo: AFP)
ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မှာရှိတဲ့ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ ဓာတ်ခွဲခန်းကနေ မတော်တဆ ထွက်လာခဲ့ကြောင်း အယူအဆဟာ မဖြစ်နိုင်ဘူးလို့ WHO ကျွမ်းကျင်ပညာရှင် Peter Ben Embarek က ပြောခဲ့ပါတယ်။ WHO ကျွမ်းကျင်ပညာရှင်တွေဟာ ဝူဟန်မြို့မှာ COVID-19 ထိန်းချုပ်ရေး စည်းမျဥ်းစည်းကမ်းအရ ၁၄ ရက်ကြာ ကွာရန်တင်းအပါအဝင် တစ်လကြာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို ရှာဖွေသိရှိနိုင်ရန် စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး COVID-19 ဖြစ်ပွားခဲ့ကြောင်း ကနဦး စစ်ဆေးတွေ့ရှိရသူတွေဟာ ထိုမြို့ရှိ တောရိုင်းတိရိစ္ဆာန်များ ရောင်းချလေ့ရှိတဲ့ဈေးနဲ့ ဆက်နွယ်နေတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောထားခဲ့ပါတယ်။