• Featured

    ကိုဗစ်ဖြစ်ပွားမှု အစောပိုင်းအဆင့် အချက်အလက်အကြမ်းများ WHO အဖွဲ့ကိုပေးရန် တရုတ်ငြင်းဆန်ခဲ့

အစောပိုင်း လူနာတွေကို မေးမြန်းထားတဲ့ မေးခွန်းများနဲ့ ၎င်းတို့ရဲ့ ဖြေကြားမှုများကို စိစစ်တွေ့ရှိချက်များ ပါဝင်ပါတယ်။

COVID-19 ကပ်ရောဂါ မူလဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ရန် ဝူဟန်မြို့မှာ သွားရောက်စုံစမ်းစစ်ဆေးခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ကပ်ရောဂါ အစောပိုင်း ကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်အကြမ်းများ ပေးအပ်ရန် တရုတ်က ငြင်းဆန်ခဲ့ကြောင်း ထိုအဖွဲ့မှာပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

image

(Photo: Ng Han Guan/AP)

တရုတ်က ထိုအချက်အလက်များ ပေးအပ်ရန်ငြင်းဆန်ခဲ့ခြင်းက ကပ်ရောဂါ မည်သို့ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိနားလည်ရန် ကြိုးပမ်းအားထုတ်မှုတွေကို ရှုပ်ထွေးမှုဖြစ်လာစေနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကျွမ်းကျင်ပညာရှင်အဖွဲ့က ၂၀၁၉ ခုနှစ် နှစ်ကုန်က ဝူဟန်မြို့မှာ ကူးစက်ဖြစ်ပွားမှု အစောပိုင်းအဆင့်မှာ စစ်ဆးတွေ့ရှိခဲ့ရတဲ့ COVID-19 အတည်ပြုလူနာ ၁၇၄ ဦးရဲ့ အချက်အလက်အကြမ်းကို တောင်းခံခဲ့တာဖြစ်ပါတယ်။



WHO အဖွဲ့က အခြား လူနာတွေရဲ့ အချက်အလက်တွေကိုလည်း အလားတူ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် တရုတ်တာဝန်ရှိသူတွေက လူနာတွေနဲ့ ပတ်သက်ပြီး အကျဥ်းချုပ်ကိုသာ ပေးအပ်ခဲ့ကြောင်း WHO အဖွဲ့မှာပါဝင်ခဲ့တဲ့ ဩစတြေးလျ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dominic Dwyer က ပြောပါတယ်။

(Photo: Bill Birtles/ABC News)

WHO အဖွဲ့က တောင်းခံခဲ့တဲ့ အချက်အလက်အကြမ်းတွေဟာ လူနာတစ်ဦးချင်းစီကို မေးမြန်းထားတဲ့ မေးခွန်းများနဲ့ ၎င်းတို့ရဲ့ တုံ့ပြန်ဖြေကြားမှုတွေကို စိစစ်တွေ့ရှိချက်ကဲ့သို့ အသေးစိတ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ "ဒါက ရောဂါကူးစက်ဖြစ်ပွားမှုတစ်ခုကို စုစမ်းစစ်ဆေးမှုရဲ့ စံပြုထားတဲ့ လုပ်ဆောင်မှုပါ" လို့ ဝူဟန်မှပြန်ရောက်ပြီးနောက် လက်ရှိ ဆစ်ဒနီမြို့မှာ ကွာရန်တင်းဝင်နေသူ Dominic Dwyer က Reuters သတင်းဌာနကို ယနေ့ (ဖေဖေါ်ဝါရီ ၁၃ ရက်) ဗီဒီယိုကော်လ်ခေါ်ဆိုမှုအတွင်း ပြောခဲ့ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှု အစောပိုင်းအဆင့်မှာ တွေ့ရှိရတဲ့ လူနာ ၁၇၄ ဦးအနက် ထက်ဝက်ကသာ တောရိုင်းတိရိစ္ဆာန်များလည်းရောင်းတဲ့ Huanan ပင်လယ်စာဈေးနဲ့ ဆက်စပ်မှုရှိသူတွေဖြစ်တာကြောင့် ၎င်းတို့ရဲ့ အချက်အလက်အကြမ်းတွေ ရရှိခြင်းက အထူးသဖြင့် အရေးကြီးကြောင်း ၎င်းကဆိုပါတယ်။

(Photo: Ng Han Guan/AP)

"ဒါကြောင့် ကျွန်တော်တို့က အဲဒီ အချက်အလက်တွေရဖို့ တောင်းဆိုနေခဲ့တာပါ၊ သူတို့ ဘာလို့ မပေးတာလဲတော့ ကျွန်တော် မှတ်ချက်မပေးနိုင်ပါဘူး၊ နိုင်ငံရေးလား ဒါမှမဟုတ် အချိန်ကြောင့်လား ဒါမှမဟုတ် ခက်ခဲလို့လား၊ ဒါပေမဲ့ ဒီအချက်အလက်တွေ မရနိုင်တာက တခြားအကြောင်းပြချက်ကြောင့် ဖြစ်မလား၊ ကျွန်တော် မသိပါဘူး၊ အဲဒီထဲကတစ်ခုက ခန့်မှန်းကြည့်ရသလောက်ပါပဲ" လို့ Dominic Dwyer က ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက အချက်အလက်တွေ အများကြီးပေးခဲ့စဥ် ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အစောပိုင်းအဆင့်မှ လူနာတွေရဲ့ အချက်အလက်အကြမ်းတွေ လိုအပ်တဲ့ကိစ္စကို WHO အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။

(Image: Worldometers webpage screengrab)

WHO ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကိုရောက်ရှိခဲ့ပြီးနောက် ၁၄ ရက်ကြာ ကွာရန်တင်းအပါအဝင် တစ်လနီးပါးကြာ နေထိုင်ခဲ့ပြီး COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ရဲ့ မူလဇစ်မြစ်ကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သို့သော် WHO အဖွဲ့ရဲ့ လုပ်ငန်းစဥ်က ဗိုင်းရပ်စ်မူလဇစ်မြစ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

COVID-19 မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရာမှာ ဖြစ်နိုင်ခြေရှိကြောင်း အဆိုပြုချက်အားလုံးကို ထည့်သွင်းစဥ်းစားနေဆဲ ဖြစ်တယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဖေဖေါ်ဝါရီ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဟာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၁၀၈ သန်းကျော်ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၂.၄ သန်းနီးပါးရှိပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က