ဂျပန်မှာ ဒေသစံတော်ချိန် စနေနေ့ (ဖေဖေါ်ဝါရီ ၁၃ ရက်) ညသန်းခေါင်မတိုင်မီက ရစ်ချ်တာစကေး ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး နိုင်ငံအရှေ့မြောက်ပိုင်းမှာ ရထားခရီးစဥ်များ ယနေ့ (ဖေဖေါ်ဝါရီ ၁၄ ရက်) ရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)
ငလျင်ရဲ့ဗဟိုချက်နဲ့ နီးကပ်နေတဲ့ ဖူကူရှီးမားစီရင်စုအတွင်း နံရံများအက်ကွဲခြင်း၊ ပြတင်းပေါက်မှန်များကွဲထွက်ခြင်းနဲ့ မြေပြိုမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုငလျင်ဟာ ၂၀၁၁ ခုနှစ် ဖူကူရှီးမားမှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းများတက်ရောက်ကာ Fukushima Daiichi နျူကလီးယားဓာတ်အားပေးစက်ရုံ အပါအဝင် ပျက်စီးဆုံးဆုံးရှုံးမှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ ငလျင်ကြီးကို အမှတ်ရစေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ၂၀၁၁ ခုနှစ်က ငလျင်ကြီးနဲ့ ဆူနာမီကြောင့် လူ ၂၀,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
(Photo: Reuters)
ယမန်နေ့ညပိုင်းငလျင်ဟာ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းများတက်ရောက်ကာ ၂၅ နှစ်အတွင်း ကမ္ဘာ့အဆိုးဆုံး နျူကလီးယားမတော်တဆမှု ဖြစ်ပွားစေခဲ့တဲ့ ငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ဖြစ်မယ်လို့ ဂျပန်မိုးလေဝသဌာနက ယုံကြည်ထားပါတယ်။ လာမယ့် ရက်များအတွင်း နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်ကြောင်းလည်း ဂျပန်မိုးလေဝသဌာနက သတိပေးခဲ့ပါတယ်။
(Photo: Reuters)
ယမန်နေ့ညပိုင်းငလျင်ကြောင့် ကီလိုမီတာ ရာနဲ့ချီကွာဝေးတဲ့ ဂျပန်မြို့တော် တိုကျိုမြို့မှာ အဆောက်အအုံများ လှုပ်ခါသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒေသစံတော်ချိန် ယမန်နေ့ည ၁၁ နာရီ ၈ မိနစ်မှာ ငလျင်လှုပ်ပြီးနောက် အဆောက်အအုံ သိန်းနဲ့ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့ရာ ယနေ့မနက်ပိုင်းမှာတော့ ဓာတ်အားပြန်လည်ရရှိခဲ့ကြောင်း သိရပါတယ်။ ယနေ့အထိ အိမ်ထောင်စုအရေအတွက် ထောင်နဲ့ချီပြီး ရေပြတ်လပ်နေခဲ့ကြောင်းနဲ့ ရေပေးဝေတဲ့ ထရပ်ကားများထံမှ ရေရယူရန် ဒေသခံများ တန်းစီစောင့်ဆိုင်းနေကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
(Photo: Reuters)
NHK သတင်းဌာနက ပြောကြားမှုအရ ငလျင်ကြောင့် အရိုးကျိုးဒဏ်ရာရသူများ အပါအဝင် လူ ၁၀၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း၊ သို့သော် သေဆုံးမှုသတင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ငလျင်လှုပ်ပြီးနောက် ဆူနာမီရေလှိုင်း တက်ရောက်ခဲ့ခြင်းမရှိဘဲ နျူးကလီးယားဓာတ်အားပေးစက်ရုံများမှာလည်း ထူးခြားဖြစ်စဥ်တွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
.