• Featured

    ပြည်တွင်းကူးစက်မှုသုံးခုတွေ့ရပြီးနောက် နယူးဇီလန်က အုတ်ကလန်မြို့ကို သုံးရက်ကြာ lockdown သတ်မှတ်

အုတ်ကလန်မြို့မှာ နေထိုင်ကြတဲ့ စုံတွဲတစ်တွဲနဲ့ ၎င်းတို့ရဲ့သမီးတို့ ကူးစက်ခံရတာ ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အုတ်ကလန်မြို့မှာ COVID-19 ပြည်တွင်းကူးစက်မှုသုံးခု တွေ့ရှိခဲ့ရပြီးနောက် မြို့ကို သုံးရက်ကြာ lockdown သတ်မှတ်လိုက်ကြောင်း ဝန်ကြီးချုပ်ဂျက်စင်ဒါအာဒန်းက ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ပြောပါတယ်။

image

(နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်း) (Photo: Getty Images)

ဝန်ကြီးချုပ်အာဒန်းက ပြောကြားမှုအရ အုတ်ကလန်မြို့ကို အဆင့် ၃ ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်မှာဖြစ်ပြီး မဖြစ်မနေ ဈေးဝယ်ထွက်ခြင်းနဲ့ မရှိမဖြစ်အလုပ် လုပ်ကိုင်ခြင်းကလွဲပြီး လူတိုင်း အိမ်မှာနေကြရမယ်လို့ သိရပါတယ်။ ယခုကန့်သတ်ချက်ဟာ နယူးဇီလန်မှာ ယမန်နှစ်အတွင်း COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်ခဲ့ရာမှာ အသုံးပြုခဲ့တဲ့နည်းလမ်း ဖြစ်ပါတယ်။



နယူးဇီလန်မှာ ယခုတွေ့ရှိလာရတဲ့ ကူးစက်မှုသုံးခုဟာ ဇန်နဝါရီ ၂၄ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်လို့ ဆိုပါတယ်။ ကူးစက်ခံရတဲ့ COVID-19 အတည်ပြုလူနာ သုံးဦးဟာ ခရီးထွက်ပြီး ပြန်လာသူတွေဖြစ်ကာ ကွာရန်တင်းဝင်ပြီးနောက်ပိုင်း ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

(Photo: Reuters)

ကူးစက်ခံရတဲ့ အတည်ပြုလူနာတွေဟာ အုတ်ကလန်မြို့မှာ နေထိုင်ကြတဲ့ စုံတွဲတစ်တွဲနဲ့ ၎င်းတို့ရဲ့သမီးတို့ဖြစ်ကြောင်း COVID-19 ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးဝန်ကြီး Chris Hipkins က ပြောပါတယ်။ ယခုအခါ ၎င်းတိုသုံးဦးထံမှာ တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ဟာ ပိုမိုကူးစက်လွယ်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟုတ် မဟုတ် စစ်ဆေးနေတယ်လို့ ၎င်းကဆိုပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေက ထိုမိသားစုဟာ မည်သို့ ကူးစက်ခံခဲ့ရကြောင်း သိရှိနိုင်ရန် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်မှုအဖြစ် ထိုမိသားစုမှ သမီးဖြစ်သူ တက်ရောက်နေတဲ့ အထက်တန်းကျောင်းကို တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) မှစပြီး ပိတ်ထားမှာဖြစ်ကာ ထိုကျောင်းမှာ COVID-19 စစ်ဆေးရန်နေရာများ စီစဥ်ထားမယ်လို့ သိရပါတယ်။

(Photo: Getty Images)

ကူးစက်ခံရတဲ့ မိသားစုမှ အမျိုးသမီးဖြစ်သူဟာ LSG Sky Chefs လေကြောင်းလိုင်း အစားအသောက်ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်သူဖြစ်ရာ လေကြောင်းလိုင်းတွေနဲ့လည်း ဆက်စပ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ နယူးဇီလန်နိုင်ငံက COVID-19 ကာကွယ်ဆေး Pfizer-BioNTech ကို ကြိုတင်မျှော်လင့်ထားတာထက် ပိုမိုစောစီးစွာရရှိခဲ့ပြီးနောက် လာမယ့် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှစပြီး လူဦးရေ ၅ သန်းကို ကာကွယ်ဆေးထိုးမှုအစီအစဥ် စတင်သွားမှာ ဖြစ်ပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းအရ နယူးဇီလန်ဝန်ကြီးချုပ်က အုတ်ကလန်မြို့ကို lockdown သတ်မှတ်ထားမှုအား အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၁၆ ရက်) မှာ ပြန်လည်သုံးသပ်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က