အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့တဲ့ စူးစမ်းလေ့လာရေးယာဥ် အားလုံးဟာ အမေရိကန်မှဖြစ်ပါတယ်။

အမေရိကန် အာကာသအေဂျင်စီ NASA က လွှတ်တင်လိုက်တဲ့ Perseverance အင်္ဂဂြိုဟ်စူးစမ်းလေ့လာရေး အာကာသယာဥ်ဟာ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ ဂြိုဟ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ပြီး ဂြိုဟ်ပေါ်မှ ပထမဆုံးပုံရိပ်တွေကို ထုတ်ဖော်ပြခဲ့ပါတယ်။

(Photo: NASA)

Perseverance ဟာ ကမ္ဘာမြေပြင်ကနေ ခုနစ်လကြာ ခရီးနှင်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်ရဲ့ Jezero ခေါ် အီကွေတာလမ်းကြောင်းအနီး နက်ရှိုင်းတဲ့ မီးတောင်ဝတစ်ခုမှာ ဆင်းသက်ခဲ့ကြောင်း သိရပါတယ်။ "သတင်းကောင်းက အာကာသယာဥ်ဟာ ကောင်းမွန်တဲ့အခြေအနေ ဖြစ်ပါတယ်" လို့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသခရီးစဥ်ရဲ့ လက်ထောက်စီမံကိန်းမန်နေဂျာ Matt Wallace က ပြောပါတယ်။ ကယ်လီဖိုးနီးယားရှိ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးခရီးစဥ် ထိန်းချုပ်ရေးစခန်းမှ အင်ဂျင်နီယာတွေက Perseverance ယာဥ် ဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီးနောက် ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။



(Photo: NASA)

ဘီးခြောက်လုံးတပ် အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ဟာ ယခုအခါ ဂြိုဟ်ပေါ်မှာ အနည်းဆုံး နောက် ၂ နှစ်ကြာ ဆက်ရှိနေမှာဖြစ်ပြီး ကျောက်တုံးများထဲကို တူးဆွခြင်း၊ ယခင်အချိန်က သက်ရှိအထောက်အထားများ ရှာဖွေခြင်းတို့ကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Perseverance ယာဥ် ဆင်းသက်ခဲ့တဲ့ Jezero နေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းဘီလီယံနဲ့ချီအကြာက အလွန်ကြီးမားတဲ့ ရေအိုင်ကြီးတစ်ခုရှိခဲ့တယ်လို့ ယူဆထားပါတယ်။ ထိုစဥ်က အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိခဲ့ပြီး သက်ရှိများလည်း ရှင်သန်နေထိုင်နိုင်ခဲ့တဲ့ ဖြစ်နိုင်ခြေရှိပါတယ်။

(Photo: NASA)

Mars 2020 လို့ အမည်ပေးထားတဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသခရီးစဥ်အဖြစ် NASA က Perseverance ကို ယမန်နှစ် ဇူလိုင်လနှောင်းပိုင်းမှာ ဖလော်ရီဒါပြည်နယ်ကနေ လွှတ်တင်ခဲ့ပါတယ်။ ထိုခရီးစဥ်မှာ ဂြိုဟ်နီလို့လည်းခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်မယ့် အကြီးဆုံး စူးစမ်းလေ့လာရေးယာဥ် Perseverance ပါဝင်ပါတယ်။

NASA ရဲ့ Jet Propulsion Laboratory မှာ တည်ဆောက်ခဲ့တဲ့ Perseverance စူးစမ်းလေ့လာရေးယာဥ်ဟာ အလေးချိန်တစ်တန်ရှိပြီး ၆ ပေခွဲ (၂ မီတာ) ရှည်တဲ့ စက်ရုပ်လက်တံတစ်ခု၊ ကင်မရာ ၁၉ လုံးနဲ့ အင်္ဂါဂြိုဟ်ပေါ်မှ အသံတွေကို မှတ်တမ်းတင်ဖမ်းယူရန် မိုက်ခရိုဖုန်းနှစ်လုံး တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

(Photo: NASA)

Perseverance ယာဥ်ဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့ ပဥ္စမမြောက် စူးစမ်းလေ့လာရေးယာဥ် ဖြစ်လာခဲ့ပါတယ်။ ယခုအချိန်အထိ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်ခဲ့တဲ့ စူးစမ်းလေ့လာရေးယာဥ် အားလုံးဟာ အမေရိကန်မှဖြစ်ပြီး နောက်ဆုံး ဆင်းသက်ခဲ့တဲ့ Curiosity ယာဥ်ကလည်း ကမ္ဘာမြေပြင်မှ ထိန်းချုပ်စခန်းနဲ့ အဆက်အသွယ်ရှိနေပြီး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

(Photo: NASA/JPE-Caltech)

ထိုအတောအတွင်း တရုတ်နိုင်ငံမှ Tianwen-1 နဲ့ ယူအေအီးနိုင်ငံမှ Hope စူးစမ်းလေ့လာရေး အာကာသယာဥ်တွေကတော့ အင်္ဂါဂြိုဟ်ပတ်လမ်းထဲမှာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။ တရုတ်ရဲ့ Tianwen-1 အာကာသယာဥ်မှာ ဂြိုဟ်ဆင်းယာဥ်နဲ့ စူးစမ်းလေ့လာရေးယာဥ် နှစ်ခုလုံး သယ်ဆောင်သွားပြီး လာမယ့် မေလအတွင်း အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မှာဖြစ်ပါတယ်။ ယူအေအီးက လွှတ်တင်လိုက်တဲ့ Hope ကတော့ အင်္ဂါဂြုဟ်ပေါ်သို့ ဆင်းသက်မှာမဟုတ်ဘဲ အင်္ဂါဂြိုဟ်ရဲ့ တစ်နှစ်တာကာလလုံး သို့မဟုတ် ၆၈၇ ရက်လုံး ဂြိုဟ်ကိုလှည့်ပတ်ပြီး စူးစမ်းလေ့လာရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

.

Share

က္က