• Featured

    အမေရိကန် ခရီးသည်တင်လေယာဥ် အင်ဂျင်ချို့ယွင်းပြီး အပျက်အစီးများ လူနေဧရိယာထဲသို့ကျရောက်

လေယာဥ်အင်ဂျင်ရဲ့ ရှေ့ဘက်အဖုံးဖြစ်ပုံရတဲ့ အပျက်အစီးတစ်ခုကို အိမ်တစ်အိမ်ရဲ့ရှေ့ မြေကွက်လပ်နေရာမှာ တွေ့ရပါတယ်။

အမေရိကန် United Airlines မှ Boeing 777 ခရီးသည်တင်လေယာဥ်ဟာ လေဆိပ်မှ ပျံတက်ခဲ့စဥ် အင်ဂျင်တစ်လုံး ချို့ယွင်းပြီးနောက် အပျက်အစီးများ Denver မြို့အနီး လူနေဧရိယာပေါ်သို့ ကျရောက်ခဲ့ပါတယ်။

image

အဆိုပါလေယာဥ်ဟာ ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၀ ရက်) က Denver အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်လာခဲ့ပြီးနောက် အင်ဂျင်ချို့ယွင်းမှုဖြစ်ခဲ့ပေမဲ့ လေဆိပ်သို့ ဘေးကင်းစွာ ပြန်ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဥ်ပေါ်မှာ ခရီးသည် ၂၃၁ ဦးနဲ့ အမှုထမ်း ၁၀ ဦး လိုက်ပါလာသွားခဲ့ပြီး ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရပါတယ်။

Denver မြို့အနီး Broomfield မြို့ငယ်မှ ရဲတပ်ဖွဲ့က အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ ပုံတွေအရ လေယာဥ်အင်ဂျင်ရဲ့ ရှေ့ဘက်အဖုံးဖြစ်ပုံရတဲ့ အပျက်အစီးတစ်ခုကို အိမ်တစ်အိမ်ရဲ့ရှေ့ မြေကွက်လပ်နေရာမှာ တွေ့ရပါတယ်။ လေယာဥ်ပေါ်မှာ လိုက်ပါခဲ့တဲ့ ခရီးသည်တွေရဲ့ ပြောကြားမှုအရ လေဆိပ်မှပျံတက်ပြီး မကြာမီ ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်လေယာဥ်ဟာ United Airlines ရဲ့ လေကြောင်းခရီးစဥ်အမှတ် Flight UA328 အဖြစ် ဟိုနိုလူလူသို့ ပျံသန်းခဲ့တာဖြစ်ပြီး လေယာဥ်ရဲ့ ညာဖက်အင်ဂျင် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း Federal Aviation Administration (FAA) က ပြောပါတယ်။

ခရီးသည်တစ်ဦးက AP သတင်းဌာနကို ပြောကြားမှုအရ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခု ကြားခဲ့ရချိန်မှာ လေယာဥ်မှူးက အသိပေးချက် ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ "လေယာဥ်က ကြမ်းကြမ်းတမ်းတမ်း လှုပ်ရမ်းလာခဲ့ပြီး ကျွန်တော်တို့ အောက်ဘက်ကို ကျဆင်းလာခဲ့တယ်" လို့ David Delucia အမည်ရှိ ထိုခရီးသည်က ပြောပါတယ်။

အွန်လိုင်းမှာတင်ထားတဲ့ ပုံတွေအရ Flight UA328 လေယာဥ်ရဲ့ အင်ဂျင်တစ်လုံးကနေ မီးခိုးတန်းထွက်နေတာ တွေ့ရပါတယ်။ လေယာဥ်အင်ဂျင်ချို့ယွင်းပြီး အပျက်အစီးအချို့ လူနေဧရိယာထဲသို့ ပြုတ်ကျလာခဲ့တဲ့ဖြစ်ရပ်ဟာ ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Broomfield မြို့ ရဲတပ်ဖွဲ့က မြို့ခံတွေကို လေယာဥ်မှပြုတ်ကျလာတဲ့ အပျက်အစီးကို ထိတွေ့ကိုင်တွယ်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်း မပြုလုပ်ကြရန် ပြောထားပါတယ်။ FAA နဲ့ National Transportation Safety Board တို့က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

.

Share

Loading Next Article...
က္က