တရုတ်အစိုးရ ကျောထောက်နောက်ခံပြု ဟက်ကာအုပ်စုတစ်ခုက လတ်တလော သီတင်းပတ်များအတွင်း အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးကုမ္ပဏီနှစ်ခုရဲ့ အိုင်တီစနစ်များကို ပစ်မှတ်ထားခဲ့ကြောင်း ဆိုက်ဘာထောက်လှမ်းရေးလုပ်ငန်း Cyfirma က Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: ITV)
ဆိုက်ဘာတိုက်ခိုက်မှုလုပ်ရန် ဟက်ကာတွေ ပစ်မှတ်ထားခဲ့တဲ့ အိန္ဒိယပြည်တွင်းကုမ္ပဏီနှစ်ခုရဲ့ COVID-19 ကာကွယ်ဆေးတွေကို အိန္ဒိယနိုင်ငံမှာ ထိုးပေးနေပါတယ်။ ပြိုင်ဘက် တရုတ်နဲ့ အိန္ဒိယတို့ဟာ နိုင်ငံအများအပြားကို COVID-19 ကာကွယ်ဆေးများ ရောင်းချခဲ့ သို့မဟုတ် လက်ဆောင်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ရောင်းချနေတဲ့ ကာကွယ်ဆေးအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းကုမ္ပဏီ Goldman Sachs က အထောက်အပံ့ပေးထားပြီး စင်ကာပူနဲ့ တိုကျိုမှာ အခြေစိုက်တဲ့ Cyfirma ရဲ့ အဆိုအရ APT10 အမည်ရှိ တရုတ်ဟက်ကာအုပ်စု (Stone Panda လို့လည်း သိထားကြ) က Bharat Biotech နဲ့ Serum Institute of India (SII) ကုမ္ပဏီတို့ရဲ့ အိုင်တီစနစ်နဲ့ ထောက်ပံ့ရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲတွေမှာ ဟာကွက်တွေကို ရှာဖွေဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
(Photo: Reuters)
အိန္ဒိယအခြေစိုက် Serum Institute ဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီလည်းဖြစ်ပါတယ်။ "ဒီနေရာမှာ အဓိက အကြောင်းရင်းက ဉာဏပစ္စည်းမူပိုင်ခွင့်ကိုဆွဲယူဖို့နဲ့ အိန္ဒိယဆေးဝါးကုမ္ပဏီတွေအပေါ် ယှဥ်ပြိုင်နိုင်စွမ်း အသာရယူဖို့ ဖြစ်ပါတယ်" လို့ ဗြိတိန်ထောက်လှမ်းရေးဌာန MI6 မှာ ဆိုက်ဘာအကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးသူ Cyfirma အမှုဆောင်အရာရှိချုပ် Kumar Ritesh က ပြောပါတယ်။
APT10 ဟက်ကာအုပ်စုက SII ကို စိတ်ဝင်တစား ပစ်မှတ်ထားနေခဲ့တယ်လို့ ဆိုပါတယ်။ SII က ဗြိတိန် အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်ခဲ့တဲ့ Oxford-AstraZeneca ကာကွယ်ဆေးကို Covidshield အမည်ဖြင့် ထုတ်လုပ်နေပြီး မကြာမီမှာ Novavax ကာကွယ်ဆေး အမြောက်အမြားကိုလည်း ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
(Photo: ITV)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ယခုသတင်းနဲ့ ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိသေးကြောင်း Reutes က ဖော်ပြပါတယ်။ တရုတ်ဟက်ကာအုပ်စုက ပစ်မှတ်ထားခံရတဲ့ SII နဲ့ Bharat Biotech တို့ကလည်း မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟက်ကာတွေကလည်း ဗြိတိန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca ရဲ့ အိုင်တီစနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ဖူးကြောင်း Reuters သတင်းက ပြောပါတယ်။