နယူးဇီလန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်မှာ ရစ်ချ်တာစကေး ၆.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အာဏာပိုင်တွေက ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

"မြေပြင်နဲ ရေပြင်မှာ ဆူနာမီရေလှိုင်း အန္တရာယ်ရှိပါတယ်" လို့ နယူဇီလန် အရေးပေါ်စီမံခန့်ခွဲမှုဌာနက ပြောပါတယ်။ ငလျင်ဟာ နယူးဇီလန်ရဲ့ မြောက်ပိုင်းကျွန်း (North Island) ကမ်းလွန်မှာ ဒေသစံတော်ချိန် မတ်လ ၅ ရက် အစောပိုင်း (မြန်မာစံတော်ချိန် ည ၉ နာရီခွဲဝန်းကျင်) က လှုပ်ခတ်ခဲ့ကြောင်း US Geological Survey (USGS) က ဖော်ပြပါတယ်။
USGS က ဖော်ပြထားမှုအရ ငလျင်ဟာ Gisborne မြို့ရဲ့ အရှေ့မြောက်ဘက် ၁၁၂ မိုင်အကွာမှာ ဒေသစံတော်ချိန် မတ်လ ၅ ရက် မနက် ၂ နာရီ ၂၇ မိနစ်က လှုပ်ခတ်ခဲ့ကြောင်း ပြောပါတယ်။ ထိုငလျင်ဟာ မြေအောက်အနက် ၆ မိုင်ကျော်မှာ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ "ကနဦး ငလျင်ပြင်းအားအရ ငလျင်ဗဟိုချက်ရဲ့ ၁၈၆ မိုင်ပတ်လည်အတွင်း ကမ်းရိုးတန်းတွေမှာ ဘေးအန္တရာယ်ရှိတဲ့ ဆူနာမီရေလှိုင်းတွေ တက်ရောက်နိုင်ပါတယ်" လို့ ဟာဝိုင်အီအခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးစင်တာ (Pacific Tsunami Warning Center) က ပြောပါတယ်။
ငလျင်လှုပ်မှုကို မြောက်ပိုင်းကျွန်းတစ်လျှောက်၊ ခရစ်ချတ်မြို့နဲ့ Dunedin မြို့တို့မှာ ခံစားသိရှိခဲ့ကြပါတယ်။ နယူးဇီလန် အရေးပေါ်ဌာနက ဆူနာမီသတိပေးချက် မထုတ်ပြန်မီမှာ လူတွေကို အနီးဆုံး ကုန်းမြင့်နေရာများသို့ ချက်ချင်း ရွှေ့ပြောင်းကြရန် အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ ယခုငလျင်ရဲ့ပြင်းအားကို USGS က ကနဦးမှာ ရစ်ချ်တာစကေး ၇.၃ ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ ၆.၉ အဖြစ် လျှော့ချခဲ့ပါတယ်။
ပထမငလျင်ပြီးနောက် နာရီပိုင်းအတွင်း နောက်ထပ် ငလျင်နှစ်ခု ထပ်မံလှုပ်ခဲ့ပြီး နောက်ဆုံးငလျင်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲဝန်းကျင်က နယူးဇီလလန်အရှေ့မြောက်ဘက် ၆၂၁ မိုင်အကွာရှိ Kermadec ကျွန်းစုအနီး လှုပ်ခတ်ခဲ့ကြောင်းနဲ့ ရစ်ချ်တာစကေး ၈.၁ အဆင့်ဖြစ်ကြောင်း သိရပါတယ်။ ပထမဆုံးငလျင်လှုပ်ပြီးနောက် ထုတ်ပြန်ထားခဲ့တဲ့ ဆူနာမီသတိပေးချက်ကို ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်မှာ နယူးဇီလန်က ရုပ်သိမ်းလိုက်ပါတယ်။