ဘီဇော့စ်ဟာ Amazon ပေါ်မှာ အကြီးအကျယ် ဩဇာလွှမ်းမိုးမှုရှိနေမှာ ဖြစ်ပါတယ်။

၂၇ နှစ်ကြာပြီးနောက် Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်ဟာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးကို တခြားတစ်ယောက်ဆီ လွှဲပေးလိုက်ပြီ ဖြစ်ပါတယ်။

အွန်လိုင်းစာအုပ်အရောင်းဆိုင်တစ်ခုကနေ ဒေါ်လာ ၁.၇၅ ထရီလီယံတန် ကမ္ဘာ့အကြီးဆုံးလက်လီ ၊ ပို့ဆောင်ရေးနဲ့ အင်တာနက်နည်းပညာကုမ္ပဏီအဖြစ်ကို ရောက်အောင် ဦးဆောင်လာခဲ့တဲ့ ဂျက်ဖ်ဘီဇော့စ်ဟာ Amazon CEO ရာထူးကို အန်ဒီဂျက်ဆီဆီ လွှဲပေးလိုက်တာ ဖြစ်တယ်လို့ CNN သတင်းက ဖော်ပြထားပါတယ်။ Amazon CEO ရာထူးကနေ အနားယူလိုက်တဲ့ ရည်ရွယ်ချက်က တခြား စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ The Washington Post မီဒီယာကုမ္ပဏီ ၊ အာကာသကုမ္ပဏီ Blue Origin နဲ့ ပရဟိတပိုင်းအပါအဝင် တခြားလုပ်ငန်းတွေပေါ် အာရုံတိုးစိုက်ချင်တာကြောင့်လို့ ဆိုပါတယ်။




Photo: Axios

Amazon မှာ အမှုဆောင်အရာရှိချုပ်ရာထူးကနေ ဆင်းပြီး လူမြင်ကွင်းက ဖျောက်လိုက်ပေမယ့် ဘီဇော့စ်ဟာ Amazon ပေါ်မှာ အကြီးအကျယ် ဩဇာလွှမ်းမိုးမှုရှိနေမှာ ဖြစ်ပါတယ်။ သူကိုယ်တိုင် ထောင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်တာတစ်ကြောင်း လက်ရှိအသစ်ရောက်လာတဲ့ CEO ကို ကြီးကြပ်လမ်းညွှန်ခဲ့သူ ဖြစ်တာတစ်ကြောင်း ၊ ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်သလို ဘုတ်အဖွဲ့ကို ဦးဆောင်နေသူ ဖြစ်တာကြောင့် တစ်ကြောင်း Amazon နဲ့ ပတ်သက်လို့ သူ့ရဲ့ဩဇာကို လွန်လို့တော့ ရမှာ မဟုတ်ပါဘူး။ 

"အရင်လို နေ့တိုင်း အာရုံစိုက်ပြီး လုပ်ငန်းခွင်မှာ ဝင်ပါတော့မှာ မဟုတ်ပေမယ့် ကုမ္ပဏီမှာ ဆက်ပြီး ရှိနေဦးမှာပါ။ သူအဓိက အာရုံစိုက်မှာက ကုမ္ပဏီတစ်ခုလုံးနဲ့ ဆိုင်တဲ့ ရှေ့လုပ်ငန်းစဉ်တွေ ၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုသစ်တွေအပေါ် ဖြစ်ပါတယ်" လို့ Nucleus Research ကုမ္ပဏီ ရဲ့ Global Tech Analysis ဖြစ်သူ ဒန်နီယယ် အယ်လ်မန်က ဆိုပါတယ်။ 

ဘီဇော့စ်ဟာ ၁၉၉၄ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ Amazon ကို စတင် တည်ထောင်ခဲ့တာပါ။ ၂၇ နှစ် တင်းတင်းပြည့်တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ်ကနေ နားသွားတာပါ။ သူ့လက်ထက်မှာ ကုမ္ပဏီကို ထရီလီယံတန်လုပ်ငန်းဖြစ်အောင် ဦးဆောင်နိုင်ခဲ့သလို COVID-19 ကပ်ဘေးအတွင်းမှာလည်း လုပ်ငန်းဝန်ဆောင်မှုကို အကြီးအကျယ် လူသုံးများအောင် လုပ်နိုင်ခဲ့ပြီး အကျိုးအမြတ်ထိုးတက်အောင် ပုံဖော်နိုင်ခဲ့ပါတယ်။

Photo: BBC


အခုချိန်မှာ ဘီဇော့စ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပြီး Forbes မဂ္ဂဇင်းရဲ့ အဆိုအရ သူ့ရဲ့ ချမ်းသာမှုဟာ ဒေါ်လာ ၂၀၂ ဘီလျံနီးပါး ရှိတယ်လို့ ဆိုပါတယ်။ Business Insider ရဲ့ ခန့်မှန်းမှုအရ ဘီဇော့စ်ရဲ့ ကြွယ်ဝမှုဟာ အလယ်အလတ်တန်း အမေရိကန်အငြိမ်းစားတစ်ယောက်ရဲ့ ချမ်းသာမှုထက် အဆပေါင်း ၇၃၉၄၈၉ ဆ ရှိတယ်လို့ တွက်ချက်ခန့်မှန်းထားပါတယ်။ 

Amazon မှာ အမှုဆောင်အရာရှိချုပ် ဖြစ်လာတဲ့ အန်ဒရူး ဂျက်ဆီဟာ ၂၀၀၃ ခုနှစ်ကစပြီး Amazon Web Services ကို ဦးဆောင်လာခဲ့သူ ဖြစ်ပြီး ဇူလိုင်လကစလို့ Amazon CEO အဖြစ် တာဝန်ယူတော့မှာပါ။ ဂျက်ဖ်ဘီဇော့စ်ကတော့ အမှုဆောင်ဥက္ကဌအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က