COVID-19 ကပ်အကြားက Digital Nomad လူတန်းစားသစ်

Digital Nomad ဆိုတဲ့ အသုံးအနှုန်း စပြီး ပေါ်ပေါက်လာတာက ၁၉၉၇ ခုနှစ်မှာ ဖြစ်ပါတယ်

Nomad ဆိုတာ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားနေတဲ့ လူတွေကို ပြောတဲ့ စကားလုံးဖြစ်ပါတယ်။ ဒီဂျစ်တယ်ခေတ်မှာ ရုံးအတည်အကျ မတက်ဘဲ ရောက်ရာနေရာကနေ တယ်လီကွန်းဆက်သွယ်ရေးနည်းပညာသုံးပြီး စီးပွားရှာတဲ့သူတွေကို Digital Nomad တွေလို့ ခေါ်လာကြပါတယ်။

               COVID-19 ကပ်မဖြစ်ခင်ကတည်းက Digital Nomads လူတန်းစားတွေ ရှိခဲ့ပါတယ်။ ဥပမာ- နိုင်ငံခြားကုမ္ပဏီတစ်ခုရဲ့ ဝက်ဘ်ဆိုက်ပရောဂျက်ကို အိမ်ကနေဆွဲပေးတဲ့ Web Developer မျိုး။ Digital Nomads တွေရဲ့ အလုပ်တည်နေရာဟာ ကော်ဖီဆိုင်ထဲမှာလည်း ဖြစ်နိုင်သလို ၊ အများပြည်သူစာကြည့်တိုက်ထဲမှာလည်း ဖြစ်နိုင်ပါတယ်။ ပြောရရင် Digital Nomads တွေရဲ့ အလုပ်အကိုင်ဆိုတာ အင်တာနက်လိုင်းရတဲ့ ဘယ်နေရာကမဆို အလုပ်လုပ်လို့ ရတဲ့ အလုပ်အကိုင်မျိုး ဖြစ်ပါတယ်။


Digital Nomad တွေရဲ့ အစ

image



               Digital Nomad ဆိုတဲ့ အသုံးအနှုန်း စပြီး ပေါ်ပေါက်လာတာက ၁၉၉၇ ခုနှစ်မှာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းကို ဒေါက်တာ ဆုဂီယို မာကီမိုတို နဲ့ ဒေးဗစ်မန်နာတို့က စတင် သုံးနှုန်းခဲ့တာပါ။ အင်တာနက်ခေတ် စတင်ဖွံ့ဖြိုးလာပြီးနောက် ဖြစ်လာမယ့် သမရိုးကျမဟုတ်တဲ့ လူနေမှုပုံစံအပြောင်းအလဲတွေကို ရည်ညွှန်းရာမှာ သုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း မတိုင်ခင်ကတည်းက ပထမဆုံး Digital Nomad အဖြစ် မှတ်တမ်းဝင်ခဲ့သူက စတိဗ်ရောဘတ်စ်ဖြစ်ပါတယ်။

               Digital Nomad ဘိုးအေကြီး စတိဗ်ရောဘတ်စ်ဟာ ၁၉၈၄ ခုနှစ်က သူ့ပိုင် Radio Shack Model 100 ကွန်ပျူတာလေးနဲ့ CB Radio လေး သယ်ပြီး စက်ဘီးတစ်စင်းနဲ့ အမေရိကတစ်လွှား သွားရင်းလာရင်း အလုပ်လုပ်သွားတာပါ။ အဲ့ဒီလို စက်ဘီးတစ်စင်း လက်စွဲကွန်ပျူတာလေးနဲ့ ကွန်ပျူတာမဂ္ဂဇင်းတွေအတွက် ဆောင်းပါးတွေ ရေး ၊ အီးမေးလ်တွေ ပို့ပါတယ်။ နောက်တော့ သူ့ရဲ့ တစ်နိုင်ငံလုံး လျှောက်သွားပြီး ရောက်လေရာကနေ အလုပ်လုပ်ခဲ့တဲ့အတွေ့အကြုံအကြောင်း ရေးထားတဲ့ Computing Across America ဆိုတဲ့ စာအုပ်ပါ ထွက်လာခဲ့ပါတယ်။


Digital Nomad နယ်ပယ်နဲ့ သဘာဝ


Photo: Unsplash

               နောက်ပိုင်းမှာ Digital Nomad စတိုင် အလုပ်လုပ်ကိုင်မှုတွေ တဖြည်းဖြည်း ခေတ်စားလာပါတယ်။ တချို့အလုပ်အကိုင်တွေရဲ့ သဘောသဘာဝအရလည်း Digital Nomad တစ်ယောက်လို အသက်မွေးဖို့ ပိုပြီး အဆင်ပြေတဲ့အချက်တွေ ရှိပါတယ်။ နည်းပညာနယ်ပယ်ကဆိုရင် Programmer ၊ Web/App Developer ၊ အနုပညာနဲ့ ဖန်တီးမှုပိုင်းကဆိုရင် Content Writer ၊ ဒီဇိုင်နာ ၊ Video Creators ၊ စီးပွားရေးနဲ့ မားကတ်တင်းဘက်ကဆိုရင် SEO Specialist ၊ Social Media Marketer ၊ Digital Entrepreneurs တို့လို အလုပ်အကိုင်တွေ ဖြစ်ပါတယ်။

               ပုံမှန်အားဖြင့် Digital Nomad တစ်ယောက်ရဲ့ ဘဝဟာ လွတ်လပ်ပြီး အမှီအခိုကင်းပါတယ်။ အရိုးရှင်းဆုံး နေထိုင်နိုင်ပြီး ကိုယ်ကြိုက်တဲ့ နေရာမှာ ထိုင်ပြီး အလုပ်လုပ်လို့ ရပါတယ်။ ဒီမြို့မှာ အလုပ်လုပ်ရတာ စိတ်ထဲမှာ Inspire မဖြစ်ဘူး ခံစားရရင် နောက်တစ်မြို့ ရွှေ့ပြီး အလုပ်လုပ်လို့ ရပါတယ်။ ကိုယ်လုပ်ချင်တဲ့အချိန်မှာ အလုပ်ကောက်လုပ်လို့ ရပါတယ်။ သမရိုးကျ အလုပ်ဖိအားမျိုးလည်း မရှိပါဘူး။

               တစ်ဖက်မှာလည်း Digital Nomad တစ်ယောက်ဖြစ်ဖို့ ကိုယ့်အလုပ်မှာ ပရော်ဖက်ရှင်နယ်ကျကျ ကျွမ်းကျင်မှုနဲ့ ပင်ကိုယ်စည်းကမ်းကောင်းဖို့ လိုပါတယ်။ အလုပ်နဲ့ ကိုယ့်ဘဝကို ဟန်ချက်ညီအောင် နေတတ်ဖို့လည်း လိုပါတယ်။ အချိန်အတော်များများမှာ တစ်ယောက်တည်း အထီးကျန်နေတယ်လို့လည်း ခံစားရနိုင်ပါတယ်။ ရုပ်သံနဲ့ ဆက်သွယ်နိုင်မယ့် Communication Tools တွေ ၊ ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဝေးကနေ ချိတ်ဆက်အလုပ်လုပ်နိုင်မယ့် Collaboration Apps တွေ ၊ ဆိုက်ဘာလုံခြုံရေး သဘောတရားတွေ သိထားဖို့ လိုပါတယ်။


တွန်းပို့လာတဲ့အခြေအနေများ

Photo: Unsplash

               ကျွန်တော်တို့ဆီမှာလည်း အရင့်အရင်ကတည်းက အလွတ်တန်း လုပ်ကိုင်နေကြတဲ့ Digital Nomads တွေ ရှိခဲ့ကြပေမယ့် တကယ်တမ်း Digital Nomad လုပ်ကိုင်မှု ခေတ်စားလာတာ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ အခက်အခဲနဲ့ အခွင့်အလမ်းနှစ်မျိုးစလုံးကို သယ်ဆောင်လာခဲ့တဲ့ ကပ်ဖြစ်ပြီး ဒီကပ်ကြီးအတွင်းမှာ အိမ်ကနေ အလုပ်လုပ်လို့ ရတဲ့ Work From Home လူနေမှုပုံစံသစ် ပေါ်ပေါက်လာခဲ့ပါတယ်။

               Work From Home လိုမျိုး ရုံးတက်စရာမလိုဘဲ အဝေးကနေ အလုပ်လုပ်နိုင်တဲ့ အလုပ်အကိုင်တွေဟာ ရုတ်တရပ်ကြီး အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့သလို Digital Literacy ပိုင်း သိစရာတွေလည်း အသစ်တိုးလာခဲ့ပါတယ်။ Digital Nomad လူတန်းစားသစ်အတွက် Zoom ၊ Skype ၊ Google Meet ၊ Microsoft Teams တို့လို အွန်လိုင်းရုပ်သံပလက်ဖောင်းတွေ ၊ Slack ၊ Toggl တို့လို အဝေးကနေ လုပ်သူတွေနဲ့ Team ပလက်ဖောင်းတွေ နဲ့ Google Drive လို Cloud Storage နဲ့ File Sharing လုပ်နိုင်မယ့် ဆော့ဖ်ဝဲလ်သုံးနည်း Skills တွေလည်း ထပ်လေ့လာရပါတယ်။

               Cloud နဲ့ နည်းပညာသစ်တွေကလည်း ကျွန်တော်တို့ရဲ့ နေထိုင်မှုနဲ့ အလုပ်လုပ်ကိုင်တဲ့ပုံစံကို ပြောင်းလဲလိုက်ပါတယ်။ အရှိန်ပိုမြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ရင်ဆိုင်နေချိန်မှာ ရုံးတွေနဲ့ အလုပ်အကိုင်တွေဟာလည်း Work From Home ပုံစံနဲ့ပဲ ရှေ့ဆက်သွားရဖို့ ရှိပါတယ်။ အဝေးကနေ အလုပ်လုပ်နိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း များလာဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က