ဒန်နီယယ်အဲ့ခ်ရဲ့ ဇာတ်လမ်းဟာ အသက် ၂၃ နှစ်တည်းနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး မီလျံနာဖြစ်ခဲ့သူတစ်ယောက်အကြောင်းပါပဲ။ နောက်တစ်နည်းပြောရရင် နာမည်ကျော် ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို ဝယ်ချင်နေတဲ့ ဆွီဒင်နိုင်ငံသားဘီလျံနာတစ်ယောက်အကြောင်းလို့ ဆိုနိုင်ပါတယ်။
အသက်ငယ်ငယ်လေးနဲ့ မီလျံနာဖြစ်ပြီးနောက် စီးပွားလောကကနေ အနားယူမယ်လို့ ဆုံးဖြတ်ပြီး အနီရောင် ဖာရာရီကားနဲ့ နိုက်ကလပ်တွေ ပတ်ဒိုးနေတဲ့ လူငယ်တစ်ယောက်ဟာ ချမ်းသာတဲ့ဘဝကို ငြီးငွေ့ရာက စပြီး ကမ္ဘာ့အကြီးဆုံး Music Streaming Service တစ်ခု ထောင်ဖို့ ဖြစ်လာပါတယ်။ ကျွန်တော်တို့ ဆက်ပြီး တွေ့ရမှာက ဆယ်ကျော်သက်ဘဝကတည်းက သူ့ဖခင်ထက် ပိုက်ဆံပိုရှာနိုင်ခဲ့တဲ့ လူငယ်တစ်ယောက် ဘီလျံနာဘယ်လို ဖြစ်သွားသလဲဆိုတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
Spotify ဆိုရင် ကမ္ဘာ့အကြီးဆုံး Digital Music ပလက်ဖောင်းအဖြစ် ဂီတချစ်သူတွေ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ပြိုင်ဆိုင်မှု ကြီးလှတဲ့ Music Streaming Services တွေအကြားမှာ ဆွီဒင်ကုမ္ပဏီ Spotify ဟာ Streaming လောကကို မျက်စိကျနေတဲ့ ထိပ်ထိပ်ကြဲနည်းပညာကုမ္ပဏီကြီးတွေထက် အရင် ရှေ့က ပြေးခဲ့ပါတယ်။ ကမ္ဘာပေါ်က အတော်ဆုံး နည်းပညာသမားတွေနဲ့ ဦးနှောက်တွေစုဝေးနေတဲ့ Apple Inc ၊ Alphabet Inc နဲ့ Amazon တို့လို Tech Giants ကြီးတွေနဲ့ ယှဉ်ဖိုက်နေရတဲ့ လောကမှာ Spotify ကို နံပါတ်တစ်ဖြစ်အောင် ပုံဖော်ခဲ့တဲ့ အရေးပါဆုံး လူတစ်ယောက်အကြောင်း ချန်ထားလို့ မရပါဘူး။
ဒန်နီယယ်အဲ့ခ် (သို့မဟုတ်) ရတနာမြေပုံနဲ့ လာတဲ့လူ
Photo: Fortune
သူကတော့ Spotify တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဒယ်နီယယ်အဲ့ခ်ပါ။ ဒန်နီယယ်အဲ့ခ်ဆိုတာ နယ်နယ်ရရတော့ မဟုတ်။ တကယ့်ကို ငယ်ငယ်ကတည်းက စီးပွားရေးမှာ ပါရမီပါလာတဲ့ ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ပါတယ်။ စတော့ခ်ဟုမ်းမြို့ ဆင်ခြေဖုံးက အလုပ်သမားလူတန်းစားမှာ လူဖြစ်လာတဲ့သူဟာ အသက် ၁၃ နှစ်ကတည်းက ပိုက်ဆံရှာလာခဲ့သူပါ။
သူ ပထမဆုံး လုပ်တာက အိမ်မှာနေရင်း ဝက်ဘ်ဆိုက်ရေးပြီး စီးပွားရေးလုပ်တာပါ။ ဒေသတွင်းက ကုမ္ပဏီတွေအတွက် ဒန်နီယယ်အဲ့ခ်ဟာ ဝက်ဘ်ဆိုက်ဒီဇိုင်းနဲ့ Hosting ပေးတာတွေ လုပ်ပါတယ်။ ဒီစီးပွားရေး လုပ်ဖို့အတွက်လည်း ကွန်ပျူတာ Programming ကို ကိုယ့်ဘာသာ Self-Learning လုပ်ပြီး သင်ခဲ့တာလို့ ဆိုပါတယ်။ သူ့ပထမဆုံး ဖောက်သည်ကို ဒေါ်လာ ၁၀၀ ယူခဲ့ပြီး နောက် ဖောက်သည်က သူ့ကို ဒေါ်လာ ၂၀၀ ပေးပါတယ်။ နောက်တော့ ဝက်ဘ်ဆိုက်တစ်ခုအတွက် ဒေါ်လာ ၅၀၀၀ နှုန်းနဲ့ လုပ်ပေးပါတယ်။
လုပ်ငန်းချဲ့ဖို့ ဖြစ်လာတော့ အဲ့ခ်ဟာ အတန်းထဲက ကျောင်းနေဘက်တွေကို ဗွီဒီယိုဂိမ်းနဲ့ မျှားပြီး သူ့အလုပ်တွေ ပြန်ခိုင်းပါတယ်။ ဒါတောင် သူ့ဘော်ဒါတွေဟာ ကျောင်းကွန်ပျူတာ Lab ခန်းထဲကနေ သူ့ရဲ့ ဝက်ဘ်ဆိုက်တွေကို ရေးပေးရတာပါ။ ဆယ်ကျော်သက်ဘဝမှာ သူ့ရဲ့ တစ်လဝင်ငွေဟာ ဒေါ်လာ ၅၀၀၀၀ (မြန်မာငွေ သိန်း ၈၀၀ နဲ့အထက်) မှာ ရှိပါတယ်။
သူ့အသက် ၁၆ နှစ်မှာ ရှာနိုင်တဲ့ တစ်လစာ ဝင်ငွေဟာ မက္ကင်းနစ်တစ်ဦးဖြစ်တဲ့ သူ့အဖေထက် ပိုများခဲ့ပါတယ်။ အသက် ၁၈ နှစ်မှာဆို သူဟာ လူပေါင်း ၂၅ ကို စီမံခန့်ခွဲပြီး အလုပ်တွေ လုပ်နေပြီ ဖြစ်ပါတယ်။ ဒီလောက် ဝင်ငွေကြမ်းနေတာကို သူ့အိမ်က ချက်ချင်း မသိသေးပါဘူးတဲ့။ နောက်တော့ အိမ်ကို တီဗွီကြီးတွေ သယ်လာမှ သတိထားမယ်တယ်လို့ ဆိုပါတယ်။
ကိုယ့်ဒူးကိုယ်ချွန် မီလျံနာဘဝ
Photo: The Verge
Spotify မထောင်ခင် နှစ်တွေက ဒန်နီယယ်အဲ့ခ်ဘဝရဲ့ ဇာတ်ရှိန်လို့ ဆိုနိုင်ပါတယ်။ အဲ့ခ်ဟာ ဆယ်ကျော်သက်ကတည်းက လက်ဟောင်းဂစ်တာတွေနဲ့ ဗွီဒီယိုဂိမ်းတွေ လိုက်ဝယ်လေ့ ရှိပါတယ်။ နောက် Online Chat Room တွေကနေ Napster တည်ထောင်သူ ရှောင်ပါကားနဲ့ ခင်သွားခဲ့ပါတယ်။ ရှောင်ပါကားဟာ အဲ့ခ်တည်ထောင်ထားတဲ့ Spotify မှာ အစောဆုံး ရင်းနှီးမြှပ်နှံသူထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒန်နီယယ်အဲ့လည်း တစ်လတစ်လ ဒေါ်လာ ၄-၅ သောင်းရှာရင်းနဲ့ပဲ အထက်တန်းကျောင်း ပြီးသွားခဲ့ပါတယ်။ ကျောင်းပြီးတော့ ဆွီဒင်တော်ဝင်နည်းပညာအင်စတီကျူ့ဒ်မှာ အင်ဂျင်နီယာပိုင်း ၈ ပတ်လောက် တက်လိုက်သေးတယ်လို့ ဆိုပါတယ်။ နည်းပညာလောကထဲ ခြေစုံပစ်ဝင်ဖို့ စိတ်ပိုင်းမဖြတ်ခင်အထိပေါ့။ နည်းပညာလောကထဲမှာ အထက်တန်းကျောင်းဆင်း ကောင်လေးတစ်ယောက်ဟာ ရာထူးကြီးကြီးနဲ့ ဦးဆောင်မှုတွေတောင် လုပ်နေပါပြီ။
နောက်ပိုင်း eBay ကို ရောင်းလိုက်တဲ့ eCommerce ပလက်ဖောင်း Tradera အပါအဝင် ကုမ္ပဏီတချို့က Leadership Role နဲ့ တာဝန်ယူခဲ့ပါတယ်။ ဖက်ရှင်နဲ့ ဆက်စပ်နေတဲ့ အွန်လိုင်းဂိမ်းကုမ္ပဏီ Stardoll မှာဆို နည်းပညာအမှုဆောင်အရာရှိချုပ် CTO အနေနဲ့ပါ လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အွန်လိုင်းမားကတ်တင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Advertigo ထောင်ထားခဲ့တာပါ။
Advertigo ကို ဆွီဒင်ဒီဂျစ်တယ်မားကတ်တင်းကုမ္ပဏီ TradeDoubler ဆီ ဒေါ်လာ ၁.၂၅ သန်းနဲ့ ရောင်းချတဲ့အချိန်မှာ သူ့အသက်က ၂၃။ မီလျံနာဖြစ်ပြီးတော့ စီးပွားရေးလောကကနေ နားဖို့ လုပ်လိုက်သေးတယ်လို့ ဆိုပါတယ်။ ဒါတောင် ၂၀၀၆ မှာ Advertigo ကို ရောင်းပြီးနောက် μTorrent မှာ လအနည်းငယ်လောက် ကြာအောင် CEO ဝင်လုပ်ဖြစ်ခဲ့ပါတယ်။ လုပ်ငန်းရောင်းပြီးတော့ ဆွီဒင်က သူ့ပိုင် ဇိမ်ခံတိုက်ခန်းမှာ ချမ်းချမ်းသာသာ နေရင်း တန်ဖိုးကြီး ဖာရာရီကားနီလေးနဲ့ နိုက်ကလပ်တွေ ပတ်တက်နေခဲ့တယ်လို့ဆိုပါတယ်။
Luxury Lifestyle နဲ့ အံမဝင်ခဲ့သူ
Photo: guitarworld
ချမ်းချမ်းသာသာနဲ့ ဇိမ်ခံရုံဘဝကို ငြီးငွေ့တာက သူ့ရဲ့ ပင်ကိုယ်စရိုက်ဖြစ်နိုင်ပါတယ်။ ၂၀၁၄ ခုနှစ်က New Yorker နဲ့ အင်တာဗျူးမှာ သူ့ရဲ့ သိပ်ချမ်းသာလွန်း ဇိမ်ကျလွန်းတဲ့ လူနေမှုပုံစံက သူ့ကို လုံးဝ စိတ်ဓါတ်ကျဆင်းစေခဲ့တယ်လို့ ဖြေခဲ့ပါတယ်။ အနားမှာ ရှိတဲ့ သူငယ်ချင်းတွေကလည်း တကယ့်မိတ်ဆွေစစ်တွေ မဖြစ်ခဲ့သလို ငွေကြေးအမှီအခိုကင်းတဲ့ဘဝကို ရပြီးတဲ့နောက် ဘာလုပ်ရမလဲဆိုတာ သူ့ကို ဘယ်သူမှ လာမသင်ပေးတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါကပဲ သူ့ကို နောက်ထပ် ပရောဂျက်ကြီးတစ်ခု စတင်ဖို့ လှုံ့ဆော်လိုက်တဲ့အချက်လို့ ဆိုပါတယ်။
Spotify အတွက် အိုင်ဒီယာရပုံက အရင် သူ့အွန်လိုင်းမိတ်ဆွေ ရှောင်ပါးကားရဲ့ အင်တာနက်ပေါ်က P2P ဖိုင် Sharing ဝန်ဆောင်မှုကနေ Inspire ရခဲ့တာပါ။ တကယ်က ဒီအိုင်ဒီယာကို ရတာ ၂၀၀၂ ကတည်းက ဖြစ်ပြီး သူ့ခေါင်းထဲမှာ Spotify ဖြစ်လာမယ့် Music Streaming Service အိုင်ဒီယာက စွဲကပ်နေပြီးသားလို့ ဆိုရမှာပါ။ အဲ့ဒီအချိန်က Napster ဟာ ရပ်လိုက်ရပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့ P2P Music ဝက်ဘ်ဆိုက် Kazaa က ကြီးစိုးသွားခဲ့တာကို သူ့စိတ်ထဲမှာ စဉ်းစားစရာတစ်ခု အဖြစ် ကျန်ခဲ့ပါတယ်။ သူ့စိတ်ကူးက တရားဝင် Music Streaming Services ကို ဥပဒေနဲ့အညီ သွားဖို့ပါပဲ။
ဒါက Spotify ရဲ့ အစဖြစ်ပြီး လုပ်ငန်းကို သူနဲ့ စိတ်ကူးတူတဲ့ TradeDoubler တည်ထောင်သူ မာတင်လောရန့်ဇိုနဲ့ တွဲလို့ ၂၀၀၆ ခုနှစ်ထဲမှာပဲ ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမှာ စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ လုပ်ငန်းကို စကတည်းက ခိုးကူးတွေ မဖြစ်အောင် မူပိုင်ခွင့်နဲ့အညီ အသံသွင်းကုမ္ပဏီတွေနဲ့ တရားဝင် License သဘောတူညီမှုတွေ လုပ်ပါတယ်။ ကြော်ငြာကြည့်တဲ့သူတွေဆို သီချင်းအခမဲ့ပေးနားထောင်ပါတယ်။
Photo: The Mirror
သီချင်းတွေကို ကြော်ငြာမပါဘဲ ခံစားချင်သူတွေအတွက် တစ်လကို ၅ ဒေါ်လာကနေ ၁၅ ဒေါ်လာ ပေးရပါတယ်။ Spotify ထောင်ပြီး နှစ်နှစ်အကြာမှာ နာမည်ကြီး ထိပ်တန်း တေးသံသွင်းတွေနဲ့ အနုပညာရှင်တွေဟာ သူတို့ရဲ့သီချင်းကို Spotify မှာ လွှင့်တင်ဖို့ သဘောတူလာပြီး အဲ့ခ်ကလည်း သူ့ပလက်ဖောင်းကို ဥရောပဈေးကွက်ထဲ ခြေချခဲ့ပါတယ်။ မြူးဇစ်နဲ့ ပတ်သက်လို့ နိုင်ငံတကာလိုင်စင်ရရေး အခက်တွေ့တာရယ် တေလာဆွစ်ဖ်လို နာမည်ကြီး အဆိုတော်တွေရယ်ရဲ့ Boycotts လှုပ်ရှားမှုတွေရယ် ၊ Apple လို ပြိုင်ဘက်သစ်တွေရယ်ကြောင့် အမေရိကန်ဈေးကွက်ကို ဖြန့်ဖို့ နှစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရပါတယ်။
အခုတော့ Spotify ဟာ paid subscriber ပေါင်း ၁၄၄ သန်း အပါအဝင် တစ်လကို ပုံမှန် လစဉ်သုံးတဲ့ သုံးစွဲသူ သန်း ၃၂၀ နီးပါးနဲ့ ကမ္ဘာ့အကြီးဆုံး Music Streaming လုပ်ငန်းထဲက တစ်ခု ဖြစ်လာနေပါတယ်။ ဈေးကွက်တန်ဖိုးအားဖြင့်လည်း Spotify ဟာ ဒေါ်လာ ၅၁ သန်းကျော် တန်လာပြီ ဖြစ်ပါတယ်။ Spotify တည်ထောင်သူလည်း ဖြစ်တဲ့ CEO ဒန်နီယယ် အဲ့ခ်ဟာ လုပ်ငန်းမှာ ရှယ်ယာ ၁၈.၅% ပိုင်ဆိုင်တာကြောင့် ဒေါ်လာ ၈.၅ ဘီလျံလောက် ချမ်းသာနေပြီ ဖြစ်ပါတယ်။
အာဆင်နယ် Fan ဘီလျံနာ
Photo: https://www.goal.com/
အဲ့ခ်ဟာ အာဆင်နယ်အမာခံပရိသတ်တစ်ဦးဖြစ်တယ်ဆိုတာ သူ့ရဲ့ Tweet မှာ ဖော်ပြထားပါတယ်။ သူ့ Tweel မှာဆို "ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ ကျွန်တော်မှတ်မိသလောက် အာဆင်နယ်အသင်းကို အားပေးခဲ့တာပါ။"
ဒီ Tweet အပြင် ပိုပြီး စိတ်ဝင်စားစရာကောင်းတာက သူဟာ အာဆင်နယ်အသင်းကို ဝယ်ဖို့ပါ စိတ်အားထက်သန်မှုရှိနေတာပါ။ အသင်းရလဒ်တွေအပေါ် စိတ်ပျက်နေတဲ့ အာဆင်နယ်ပရိသတ်တွေဟာ အသင်းပိုင်ရှင် Kroenke Sports Enterprises ကို ပိုင်ရှင်သစ်ဆီ အသင်းရောင်းချဖို့ တောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဥရောပစူပါလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် Kroenke မိသားစုပေါ် ဖိအားတွေ မြင့်တက်လာတာပါ။
အမ်းမရိတ်ကွင်းပြင်ပမှာ Kroenke Out (ကရွန်းကီ ထွက်သွား) ဆိုတဲ့ တောင်းဆိုသံတွေ မြင့်တက်နေချိန်မှာ အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်တဲ့အဲ့ခ်ဟာ အသင်းကို ဝယ်ဖို့ စိတ်အားထက်သန်မှုရှိကြောင်း ပြခဲ့တာ ဖြစ်ပါတယ်။ Spotify CEO ဟာ သူ့ရဲ့ Tweet မှာကို "တကယ်လို့ KSE (Kroenke Sports Enterprises အနေနဲ့ အာဆင်နယ်ကို ရောင်းချင်ရင်ဖြင့် ကျုပ်တော့ လွှတ်ပျော်မိမှာပဲ" လို့တောင် တရားဝင်ပြောခဲ့တာပါ။
ဘီလျံနဲ့ချီ ချမ်းသာကြွယ်ဝသလို တစ်သက်လုံးအာဆင်နယ် Fan ဖြစ်ခဲ့တဲ့ သူ့ရဲ့ အာဆင်နယ်အသင်းပိုင်ရှင်အိပ်မက်က တကယ်ဖြစ်လာပါ့မလား။
Share