နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရောဂါပိုးကူးစက်ပျံ့နှံ့မှုတွေကြောင့် ကျောင်းမတက်နိုင်လို့၊ အွန်လိုင်းကနေသင်ဖို့ လက်လှမ်းမမီလို့ စားဝတ်နေရေးကြောင့် ကျောင်းမထားနိုင်လို့၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ စာသင်ကျောင်းမရှိလို့ စတဲ့ အကြောင်းမျိုးစုံကြောင့် ပညာမသင်ကြားနိုင်တဲ့ကလေးတွေ မြန်မာပြည်နေရာအနှံ့အပြားမှာ ရှိနေဆဲပါ။

ဒီလိုကလေးတွေဟာ ပညာရေးကို ရပ်ဆိုင်းလိုက်ဖို့မလိုဘဲ ကျောင်းပြင်ပမှာ သင်ကြားနိုင်မယ့် အခွင့်အလမ်းတွေ ရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် စာသင်ခန်းမဟုတ်တဲ့ ကျောင်းပြင်ပမှာ ဘယ်လိုနည်းလမ်းတွေသုံးပြီးသင်ကြားမလဲ၊ ဘယ်လိုသင်ခန်းစာတွေကို သင်ကြားဖို့ လိုအပ်သလဲ၊ ပုံမှန်မဟုတ်တဲ့ သင်ကြားရေးကတစ်ဆင့် အနာဂတ်ပညာရေးကို ဘယ်လိုလျှောက်လှမ်းကြမလဲဆိုတာတွေကို ဒီကဏ္ဍကနေဝေမျှပေးသွားမှာပါ။

Photo: Prodigy

စာသင်ဝိုင်းလေးတွေဖန်တီးပါ

ကိုယ်နေထိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ရွာအလိုက် ရပ်မိရပ်ဖတွေစုပေါင်းပြီး ရပ်ရွာအခြေပြုစာသင်ဝိုင်းတွေ၊ မိသားစုစာသင်ဝိုင်းလေးတွေ ဖန်တီးနိုင်ပါတယ်။ ရပ်ရွာအခြေပြုစာသင်ဝိုင်းတွေ ဖြစ်လာဖို့ ကိုယ့်ရပ်ကွက်၊ ကျေးရွာအတွင်းမှာပဲ စာသင်ကြားလို့ အဆင်ပြေမယ့် နေရာတစ်ခုကို ဖန်တီးပါ။ စေတနာ့ဝန်ထမ်းဆရာ၊ဆရာမတွေ ရှာဖွေပါ။ ဆရာဆရာမလို့ ဆိုရာမှာ ရပ်ကွက်ထဲက စာသင်ဖို့ စိတ်ဝင်စားတဲ့သူတွေနဲ့လည်း သင်ကြားနိုင်သလို သေချာလမ်းညွှန်ပေးနိုင်တဲ့ သင်ကြားသူတွေလည်း ရှိဖို့လိုအပ်ပါတယ်။ ဒါမှသာ အသက်အရွယ် ဘာတွေသင်သင့်လဲ။ မသင်သင့်ဘူးလဲဆိုတာတွေကို သိနိုင်မှာပါ။

Photo: High Speed Training

မိဘတွေက Home Schooling လုပ်ပေးပါ

ကိုယ့်ကလေးကို အပြင်ပေးမသွားစေချင်ဘူး။ အိမ်မှာပဲ သင်ပေးစေချင်တယ်ဆိုတဲ့ မိဘတွေအနေနဲ့ကတော့ အခြေခံအကျဆုံးအဖြစ် ဖတ်စာအုပ်တွေဝယ်ယူပါ။ အခြေခံပညာကထုတ်ထားတဲ့သင်ရိုးသစ်စာအုပ်တွေဝယ်ယူလေ့လာပြီး ကိုယ့်ကလေးကို ကိုယ်တိုင် Home Schooling လုပ်နိုင်သလို နီးစပ်ရာ ဆရာ၊ဆရာမတွေကို ခေါ်ယူပြီး သင်ကြားပေးနိုင်တဲ့အခွင့်အရေးတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

Photo: Times of India

ဘာတွေသင်ကြမလဲ

ပုံမှန်သင်ကြားရေးမဟုတ်တဲ့အတွက် ကလေးတွေရဲ့ အဓိက လိုအပ်ချက်ကို အရင်ဆုံးသင်ကြားဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာ အဓိကက ဆက်သွယ်ပြောဆိုနိုင်ဖို့ပါပဲ။ ဒါကြောင့်ဘာသာစကားသင်ကြားပေးဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ သူတို့နှစ်သက်တဲ့ ဘာသာစကားကို ရေရေလည်လည်တတ်မြောက်ဖို့ လိုအပ်ပါတယ်။ မရှိမဖြစ်သင်ကြားဖို့လိုတာကတော့ မြန်မာစာ ၊ မိခင်တိုင်းရင်းသားဘာသာစကား၊ အင်္ဂလိပ်နဲ့ သချာၤဘာသာရပ်တွေပါ။ 

နိုင်ငံသုံးဘာသာစကား မြန်မာစာရေးတတ်ဖတ်တတ်ဖို့ လိုအပ်သလို တိုင်းရင်းသားကလေးဆိုရင် မိခင်တိုင်းရင်းသားဘာသာစကား သင်ကြားဖို့ မဖြစ်မနေအရေးကြီးပါတယ်။ ဒါ့အပြင် နိုင်ငံတကာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ် နဲ့ ဘဝတစ်လျှောက် အမြဲတမ်းအသုံးပြုရမယ့် သချာၤဘာသာရပ်တို့ သင်ပေးရမှာပါ။ ဒီသင်ကြားရေးတွေက အတန်းတင်စနစ်နဲ့သွားတာမဟုတ်တဲ့အတွက် ကလေးတွေ အခြေခံဗဟုသုတရအောင် အဓိကထားသင်ပေးပါ။


ကျောင်းပြင်ပသင်ယူမှုကနေ ရွေးချယ်နိုင်တဲ့အနာဂတ်ပညာရေး

စာသင်ခန်းပြင်ပမှာသင်ကြားရတာကြောင့် ပုံမှန်မဟုတ်တဲ့သင်ကြားရေးဖြစ်နေပေမယ့်လည်း ရှေ့ဆက် အနာဂတ်ပညာရေးအတွက်တော့ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဒီလို ကျောင်းပြင်ပ ပညာရေးကတစ်ဆင့် Vocational Training School တွေသွားနိုင်သလို အဆင်မြင့်ပညာရေးအတွက်လည်း မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ဥပမာ- အသက်မွေးဝမ်းကျောင်းသင်တန်းမှာ (၈) တန်းအောင်တွေလျှောက်ထားနိုင်တယ်ဆိုရင် ကျောင်းပြင်ပမှာသင်ယူနေတဲ့ ကျောင်းသားက (၈) တန်းအောင်စနစ်နဲ့ကိုက်ညီတဲ့ အင်္ဂလိပ်၊ သချာၤ တတ်မြောက်ထားသင့်ပါတယ်။ 

ဒါကြောင့်ကျောင်းပြင်ပသင်ကြားနေရတဲ့ ကျောင်းသားတွေအတွက် ပုံမှန်အတန်းတစ်စနစ်နဲ့သင်ရတာမဟုတ်ပေမယ့် အသက်အရွယ်နဲ့ ကိုက်ညီတဲ့ တတ်မြောက်မှုဖြစ်ဖို့တော့လိုပါတယ်။ ဒီလိုကိုက်ညီနေမှသာ နိုင်ငံတကာကျောင်းတွေရဲ့ အရည်အချင်းဆန်းစစ်မှုတွေကို ဝင်ရောက်ဖြေဆိုနိုင်ပြီး အဆင့်မြင့်ပညာရေးကို လျှောက်လှမ်းနိုင်မှာပါ။ နိုင်ငံတကာကျောင်းတွေမှာ ပညာသင်ဆုလျှောက်ထားနိုင်တဲ့အစီအစဉ်တွေရှိနိုင်တာကြောင့်လည်း နွမ်းပါးတဲ့ကလေးတွေအတွက်လည်း ဒီပညာရေးက မဝေးနိုင်ပါဘူး။ ဒါကြောင့် ကျောင်းသားက အဆက်မပြတ်သင်ကြားနေဖို့ပဲ လိုအပ်ပါတယ်။ စဉ်ဆက်မပြတ် လေ့လာဆည်းပူးရင်းနဲ့ပဲ အခွင့်အလမ်းကပေါ်လာမှာဖြစ်ပါတယ်။

ကျောင်းမတတ်ရတဲ့အတွက် ပညာရေးနောက်ကျကျန်ခဲ့မလား မစိုးရိမ်ပါနဲ့။ နည်းလမ်းမျိုးစုံ အသုံးပြုပြီး စာသင်ကြားနိုင်မယ့် အခွင့်အလမ်းကိုရှာပါ။ စဉ်ဆက်မပြတ်လေ့လာဆည်းပူးပါ။ ဒါပေမယ့် ကျောင်းထဲမှာ သင်ရတာမဟုတ်ဘဲ ကျောင်းအပြင်မှာသင်ကြားနေရတာက အကျိုးရှိပါ့မလားဆိုတဲ့ ခံစားချက်ဖြစ်နိုင်ပါတယ်။ ပညာရေးက ကျောင်းခန်းထဲမှာပဲ မဟုတ်ဘဲ တကယ်စွမ်းရည်ရှိတဲ့ ပညာကို သင်ကြားနိုင်ဖို့ မိဘ၊ ဆရာတွေ ပူးပေါင်းဆောင်ရွက်ပြီး ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့ တိုက်တွန်း အကြံပြုလိုပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို Nway Oo Homeschooling အဖွဲ့က မျှဝေအကြံပြုထားခြင်းဖြစ်ပါသည်။ 


Share

Loading Next Article...
က္က