နိုင်ငံတကာဒေတာကော်ပိုရှင်း IDC ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ဒုတိယသုံးလပတ်အတွက် တရုတ်မှာ ရောင်းအားအကောင်းဆုံးဖုန်း Brand တွေထဲမှာ Huawei မပါတော့ဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံအတွင်း သုံးလပတ်အလိုက် ရောင်းချခဲ့တဲ့ စမတ်ဖုန်းဈေးကွက်ဝေစုအရ Vivo ဟာ 2021 Q2 အတွက် ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ်အဖြစ် ရပ်တည်နေတယ်လို့ IDC က ဖော်ပြထားပါတယ်။ Vivo ရဲ့နောက်မှာ OPPO ၊ Xiaomi ၊ Apple နဲ့ Honor တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Honor ဟာ Huawei နဲ့ မသက်ဆိုင်တော့တဲ့ လွတ်လပ်တဲ့ brand အဖြစ် လည်ပတ်နေတာပါ။
Photo: GSMArena
ဈေးကွက်ဝေစုအနေနဲ့ Vivo ၊ OPPO နဲ့ Xiaomi တို့ဟာ ၂၀၂၁ ဒုတိယသုံးလပတ် တရုတ်ဖုန်းဈေးကွက်မှာ ၂၃.၈% ၊ ၂၁.၁% နဲ့ ၁၇.၂% စီ ရရှိထားတာပါ။ စမတ်ဖုန်းရောင်းအားအနေနဲ့ အလုံးရေ ၁၈.၆ သန်း ၊ ၁၆.၅ သန်းနဲ့ ၁၃.၄ သန်းစီ ရောင်းအား ရှိခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တရုတ်စမတ်ဖုန်းဈေးကွက်ကို Huawei က ကြီးစိုးထားတာပါ။ လက်ရှိမှာတော့ Huawei ဟာ ရောင်းအားအကောင်းဆုံး ဖုန်းအမှတ်တံဆိပ် ၅ ခုစာရင်းမှာ မပါတော့ပါဘူး။
လက်ရှိ တရုတ်ထိပ်တန်း ဖုန်း Brand ၄ ခုဟာ ရောင်းအားထိုးတက်လာခဲ့ပြီး Honor ကတော့ အရင်နှစ်က ရောင်းအားထက် ထက်ဝက်နီးပါး ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။