စိတ်ရောဂါဟာ အမျိုးသမီးနဲ့ အမျိုးသားတွေမှာ ထိခိုက်ပုံခြင်း ကွဲပြားပါတယ်။
စိတ်ဓာတ်ကျခြင်း (depression ) ၊ စိုးရိမ်ခြင်း(anxiety ) ကဲ့သို့သော ရောဂါတွေဟာ အမျိုးသမီးတွေမှာ အများအားဖြင့် အဖြစ်များပါတယ်။ ဒါ့အပြင် ဟော်မုန်းအပြောင်းအလဲကာလတွေမှာ ခံစားရတဲ့ perinatal စိတ်ကျရောဂါ၊ premenstrual dysphoric disorder နှင့် perimenopause နှင့်ဆက်စပ်သောစိတ်ကျရောဂါဆိုပြီး ဆေးပညာအရသတ်မှတ်ထားတာမျိုးတွေလည်းရှိပါတယ်။ ဒီထဲကမှ အမျိုးသမီးတွေမှာသာ တွေ့ရတတ်ပြီး သိထားသင့်တဲ့ စိတ်ရောဂါကတော့ Postpartum depressionဖြစ်ပါတယ်။ ဒီစိတ်ကျရောဂါအခြေအနေနဲ့ပတ်သက်ပြီး ဒီကဏ္ဍမှာ အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။
Photo: Medicalnewstoday
Postpartum depression (PPD) ဆိုတာ ဘာလဲ
ဒီစိတ်ကျရောဂါကတော့ မီးမဖွားမီ ဒါမှမဟုတ် မီးဖွားပြီးတစ်လဝန်းကျင်လောက်မှာ စတင်ဖြစ်တတ်ပါတယ်။ ကလေးမွေးဖွားပြီးနောက် ခန္ဓာကိုယ်အတွင်းရှိဟော်မုန်းများ (အက်စထရိုဂျင်နှင့်ပရိုဂျက်စတုန်း) သိသိသာသာကျဆင်းလာတဲ့အတွက် စိတ်ဓာတ်ကျစေနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက ထုတ်လုပ်တဲ့ အခြားဟော်မုန်းများလည်းကျဆင်းသွားနိုင်ပါတယ်။ ဒါက ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျစေပါတယ်။ အိပ်မပျော်တာ ၊ ကလေးထိန်းဖို့ စိတ်ဖိစီးတာ ၊ ကိုယ်ပိုင်အချိန်မရှိတာ ၊ အာဟာရမပြည့်တာ ၊ ကောင်းမွန်တဲ့ အထောက်အပံ့မရှိတာတွေကလည်း ဒီစိတ်ဓာတ်ကျမှုကို ပိုဆိုးရွားစေပါတယ်။
Photo: Healthline
PPD ၏လက္ခဏာများ
PPD ရဲ့ လက္ခဏာတွေက စိတ်ဓာတ်ကျခြင်း လက္ခဏာများနဲ့ ဆင်တူပါတယ်။ နေ့စဉ်ဝမ်းနည်းပူဆွေးနေခြင်း ၊ ငိုချင်နေခြင်း ၊ အစာစားချင်စိတ် နဲ့ အိပ်စက်ခြင်းလျော့နည်းခြင်း ဒါမှမဟုတ် အလွန်အမင်းပြုလုပ်ခြင်း ၊ မောပန်းပြီး အားအင်မရှိခြင်း၊ ယခင်ကပြုလုပ်ခဲ့တဲ့ အရာတွေကို စိတ်မဝင်စား မပျော်ရွှင်တော့ခြင်း ၊ မိမိကိုယ်ကိုသတ်သေရန်ကြံစည်ခြင်း ၊ ကလေးနဲ့အတူနေဖို့ ခက်ခဲခြင်း ၊ ကလေးကို အန္တရာယ်ပေးရန်ပြုမူခြင်း ၊ မိသားစုတွေနဲ့ ကင်းကွာနေတယ်လို့ ခံစားရခြင်း ၊ ယားယံနေတယ်လို့ခံစားရခြင်း ၊ အလွန်အမင်းဒေါသထွက်ခြင်း ၊ မိခင်ကောင်းမဟုတ်ဘူးလို့ ခံစားရခြင်း ၊ နာကျင်ခြင်း ၊ မျှော်လင့်ချက်ကင်းမဲ့နေတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ထင်မြင်ပြီး ရှက်ရွံ့နေခြင်း ၊ အာရုံစူးစိုက်နိုင်မှုနဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။
Photo: Healthline
ဘယ်လိုကုစားမလဲ
ဒါကို ကုစားနိုင်ဖို့အတွက် လုပ်နိုင်တာတွေအများကြီးရှိပါတယ်။ဒါကို ခံစားနေရပြီလို့ ယုံကြည်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒီထဲကမှ လူနေမှုပုံစံပြောင်းလဲခြင်း ၊ ဆေးဝါးမှီဝဲခြင်း နည်းနှစ်ခုရှိပါတယ်။ တစ်ချို့အမျိုးသမီးတွေက တော့ လူနေမှုပုံစံပြောင်းလဲလိုက်တာနဲ့ သက်သာပျောက်ကင်းသွားပါတယ်။ တကယ်လို့ ဒီလိုလုပ်ရုံနဲ့ မပြောင်းလဲ ရင်လည်း ဘာမှမဖြစ်ပါဘူး။ ဒါဟာ ဓာတုပစ္စည်းတွေနဲ့လည်း ဆိုင်တာကြောင့် ဆေးဝါးအထောက်အပံ့ယူနိုင်ပါ သေးတယ်။
Photo: Healthline
လူနေမှုပုံစံပြောင်းလဲပါ
အားအင်ပြည့်ဖြိုးဖို့အတွက် အိပ်ရေး၀၀အိပ်စက်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ညဘက်မှာ ကလေးကို ပြုစုဖို့ မိမိရဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် အဖော်ရှိရင် အလှည့်ကျ တာဝန်ယူပြီး အိပ်စက်ပါ။ နေရောင်ခြည်ရရှိအောင် နေထိုင်ပါ။နေရောင်အလွန်မပူပြင်းတဲ့ မနက် သို့မဟုတ် ညနေခင်းတွေမှာ လမ်းလျှောက်ပါ။ပေါ့ပါးြ့ပီး ပုံမှန်လုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ပါ။ အစားအစာကို အာဟာရပြည့်အောင် စားပါ။ ချောကလက် အနည်းငယ်စားသုံးပေးပါ။ဒီနည်းလမ်းတွေလုပ်ရင်း မသက်သာဘူးဆိုရင်တော့ စိတ်ရောဂါဆရာဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ကုသသင့်ပါတယ်။