Startup တစ်ခု ဖြစ်မြောက်အောင်မြင်ဖို့နဲ့ ရှုံးနိမ့်ပြိုလဲဖို့ သတ်မှတ်ထားတဲ့ အကြောင်းတရားတွေ

အင်တာနက်ရှိတာ တကယ်အလုပ်ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က သတင်းအချက်အလက်မျိုးစုံ ၊ ဗဟုသုတအထွေထွေကို ထိုင်ရာမထတမ်း လေ့လာနိုင်လို့ပါ။ ဟိုးအရင်က ပညာရရေးအတွက် အတားအဆီးဖြစ်ခဲ့တဲ့ အကြောင်းရင်းတွေကို အင်တာနက်လက်နက်က ဖျက်ဆီးပစ်လိုက်ပါပြီ။

               ကမ္ဘာပေါ်မှာ အထူးချွန်ဆုံးဆိုတဲ့ လူတွေရဲ့ ပြောစကားတွေနဲ့ မျှဝေချက်တွေကို သက်ဝင်ထင်ရှား နားထောင်နိုင်မယ့် TED Talks အစီအစဉ်တွေလည်း အင်တာနက်ပေါ်မှာ ရှိနေပါတယ်။ နည်းပညာနယ်ပယ်ဘက်မှာ ကိုယ်ပိုင် startups ထောင်ဖို့အထိ စဉ်းစားထားတဲ့သူတွေဆိုရင် အခုပြောမယ့် စွန့်ဦးတီထွင်သူတွေရဲ့ အကြံပြုချက်နဲ့ ဟောပြောချက်တွေ နားထောင်ဖို့လည်း ညွှန်းချင်ပါတယ်။




(၁) The Single Biggest Reason Why Startups Succeed


Photo: TED


               ရာနဲ့ချီတဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံမှာ အတွေ့အကြုံရှိခဲ့တဲ့ စွန့်ဦးတီထွင်သူ ၊ စီးပွားရေးအကြံပေးနဲ့ ရင်းနှီးမြှပ်နှံသူ Bill Gross ပြောခဲ့တဲ့ TED Talks Topic ပါ။ Startup ထောင်ဖို့ စဉ်းစားထားတဲ့ လူငယ်တွေအနေနဲ့ ဒီဗွီဒီယိုကို ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီ TED Talks မှာ Bill ဟာ ပြီးခဲ့တဲ့နှစ်တွေက သူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အအောင်မြင်ဆုံးနဲ့ လုံးဝရှုံးနိမ့်ခဲ့တဲ့ Startups တွေပေါ် သုတေသနပြုထားတာကို ပြန် Share ထားတာပါ။

               Startup တစ်ခု ဖြစ်မြောက်အောင်မြင်ဖို့နဲ့ ရှုံးနိမ့်ပြိုလဲဖို့ သတ်မှတ်ထားတဲ့ အကြောင်းတရားတွေအကြောင်းကို သူပြောထားပါတယ်။ အရေးကြီးဆုံး အကြောင်းတရားက Timing ကိုက်မှုလို့ ဆိုပါတယ်။ တခြားအကြောင်းတရားတွေကိုလည်း ဒီဗွီဒီယိုမှာ ကိုယ်တိုင်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ ကြာချိန်က ၆ မိနစ် စက္ကန့် ၄၀ ဖြစ်ပါတယ်။


(၂) What It Takes To Be A Great Leader


Photo: TED


               လုပ်ငန်းတစ်ခု ထောင်ထားတဲ့သူတွေဟာ အောင်မြင်တဲ့ စီးပွားရေးနဲ့ အားကောင်းမောင်းသန် Team တစ်ခု ဖန်တီးနိုင်ဖို့ ခေါင်းဆောင်မှုစွမ်းရည်လိုပါတယ်။ ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ ၂၅ နှစ်ကျော် အတွေ့အကြုံတွေကနေ ရလာတဲ့ သင်ခန်းစာတွေအကြောင်း နားထောင်ချင်ရင် Roselinde Torres ရဲ့ What It Takes To Be A Great Leader ဆိုတဲ့ TED Talks ကို နားထောင်ကြည့်သင့်ပါတယ်။

               ဒီ Talks ထဲမှာ နယ်လ်ဆင်မန်ဒဲလားနဲ့ တခြား Nonprofit အဖွဲ့အစည်း တည်ထောင်သူတွေလိုမျိုး ထူးခြားတဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ အလေ့အထကို လေ့လာရင်းကနေ သိလာတဲ့ သူမရဲ့ အသိကို ပြန်ပြောထားပါတယ်။ ၉ မိနစ်ကျော် ကြာတဲ့ ဗွီဒီယိုဖြစ်ပေမယ့် တိုတိုလေးနဲ့ အသိတွေ အများကြီး ပေးသွားပါလိမ့်မယ်။


(၃) Why the Best Hire Might Not Have the Perfect Resume


Photo: sflep


               စွန့်ဦးတီထွင်သမားတွေ Internal Team အတွက် လူခေါ်တဲ့အခါ အလုပ်လျှောက်သူတစ်ဦးချင်းစီက Qualified ဖြစ်မဖြစ်ဆိုတဲ့ ပေတံနဲ့ ကြည့်ပါတယ်။ လူတစ်ယောက် အရည်အချင်းမီ Qualified ဖြစ်တယ်ဆိုတာကို ဘာနဲ့ သတ်မှတ်တာလဲ။ အတော်များများကတော့ အတွေ့အကြုံ နဲ့ အဲ့ဒီလူရဲ့ Resume ပေါ်မှာ ပါတဲ့ဟာတွေအရလို့ ပြောပါလိမ့်မယ်။ Why the Best Hire Might Not Have the Perfect Resume ဆိုတဲ့ Regina Hartley ရဲ့ ၁၀ မိနစ်ခွဲစာ TED Talks ဗွီဒီယိုထဲမှာ သင့်အမြင်ကို မေးခွန်းထုတ်မယ့်အချက်တွေ ပြောထားတာ တွေ့ရပါလိမ့်မယ်။


(၄) How To Start A Movement




               ၅ မိနစ်စာ TED Talks အတိုလေး ဆိုပေမယ့် Derek Sivers ရဲ့ ဒီအကြောင်းအရာဟာ လူ့အဖွဲ့အစည်းတစ်ခု ၊ ယဉ်ကျေးမှုတစ်ခုအတွင်းမှာ ဖြစ်နေတဲ့ လှုပ်ရှားမှုတစ်ခုကို ဦးဆောင်ရမယ့်အဆင့်တွေကို လေ့လာဖို့ အကောင်းဆုံးသင်ခန်းစာတစ်ခု ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်က စာရေးဆရာ ၊ ဂီတပညာရှင် ၊ ပရိုဂရမ်မာနဲ့ စွန့်ဦးတီထွင်သူ ဖြစ်တဲ့ Darek ဟာ လှုပ်ရှားမှုတစ်ခု ဖန်တီးရာမှာ လူတွေ ပါဝင်လာဖို့ အရေးပါတဲ့ အကြောင်းတွေကို ချပြသွားတဲ့အပြင် Startups နဲ့ Founders တွေအတွက်လည်း ကိုယ်ပိုင်အရွေ့တစ်ခု ဘယ်လို ထွန်းညှိရမလဲဆိုတာကို အလင်းပြသွားပါတယ်။


(၅) The mind behind Tesla, SpaceX, SolarCity


Photo: TED

               

               လတ်တလော နှစ်အနည်းငယ်အတွင်း Startup သမိုင်းမှာ အီလွန်မတ်စ်လောက် အောင်မြင်မှုတွေ တသီကြီးရလာတဲ့ ပုဂ္ဂိုလ်မျိုးက သိပ်ရှားပါတယ်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း အမျိုးမျိုး ထောင်ထားသလို လက်ရှိမှာ လုပ်ငန်းတန်ဖိုး အနည်းဆုံး ဒေါ်လာ ၁ ဘီလျံကျော်စီ တန်တဲ့ Startups နှစ်ခုလည်း ဖန်တီးထားတဲ့ ပဲ့ကိုင်ရှင်တစ်ဦးပါ။

               အသက် ၄၉ နှစ်ပဲ ရှိသေးတဲ့ အီလွန်မတ်စ်ကို Tesla ကားကုမ္ပဏီ CEO ၊ SpaceX အာကာသယာဉ်လုပ်ငန်းနဲ့ Boring ကုမ္ပဏီ သူဌေး ၊ SolarCity ပိုင်ရှင်၊ Neuralink နဲ့ Open AI တည်ထောင်သူ စတဲ့စတဲ့ ဂုဏ်ပုဒ်တွေအပြင် ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတွေထဲကတစ်ယောက်အဖြစ်လည်း လူသိများပါတယ်။ အဲ့ဒီလောက် အောင်မြင်မှု ဂုဏ်ပုဒ်တွေနဲ့ ချီးမွမ်းခန်းမကုန်အောင် ပြောစရာရှိတဲ့လူတစ်ယောက်ရဲ့ ပြဿနာဖြေရှင်းနည်းတွေ နဲ့ အနာဂါတ်အမြင်အကြောင်းကို ဒီဗွီဒီယိုမှာ လေ့လာနိုင်မှာပါ။

         


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က