Google ပိုင် အီးမေးလ်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Gmail ဟာ ၂၀၁၂ ခုနှစ်မှာ Hotmail ကို ကျော်ပြီး Popular အဖြစ်ဆုံး Email Provider တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုဆို ဒီဝန်ဆောင်မှုကို လူသန်းပေါင်း ၁၅၀၀ ကျော်က သုံးစွဲနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Email Provider တွေထဲမှာ Gmail ကို ယှဉ်ဖိုက်နိုင်တဲ့ ဝန်ဆောင်မှုတွေလည်း ရှိနေပါသေးတယ်။
(၁) Microsoft Outlook
Photo; phonandroid
Microsoft Outlook ဟာ Yahoo Mail ကို ကျော်ပြီး ကမ္ဘာ့ဒုတိယလူသိအများဆုံး Free Email Provider အဖြစ် ရပ်တည်နေတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Outlook အကောင့်ဖွင့်ဖို့ကလည်း လွယ်ပါတယ်။ outlook.com ကို သွားပြီး @outlook.com ဆိုပြီး အီးမေလ်းလိပ်စာတစ်ခု ဖွင့်လို့ ရပါတယ်။ Outlook အကောင့်သုံးရတာလည်း အကျိုးကျေးဇူးတွေအများကြီး ရှိပါတယ်။
Outlook က Microsoft ပိုင် ဝန်ဆောင်မှု ဖြစ်ပြီး Windows 10 OS စနစ်နဲ့ ပေါင်းစပ်ထားလို့ Windows စနစ်သုံးတဲ့လူတွေအတွက် Outlook အကောင့်တစ်ခုရှိထားသင့်ပါတယ်။ Outlook Office 365 App လို office suit app နဲ့လည်း ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်ပါတယ်။ လုပ်ငန်းသုံးသမားတွေဆို Outlook အကောင့်တစ်ခုတော့ မဖြစ်မနေ ဖွင့်ထားသင့်ပါတယ်။
(၂) Zoho Mail
Photo: Small Business Trends
Zoho Mail ကတော့ Mail Provider တွေထဲမှာ သက်တမ်းနုသေးတဲ့ service လို့ ဆိုနိုင်ပါတယ်။ Zoho Mail က ၂၀၀၈ အောက်တိုဘာလကမှ စပြီး ပေါ်ပေါက်လာတဲ့ ဝန်ဆောင်မှု ဖြစ်ပြီး Gmail ၊ Yahoo နဲ့ Outlook တို့လို Free services လည်း ဖြစ်ပါတယ်။ Free Users တွေအတွက်တောင် Web ဗားရှင်းမှာ Ad-Free နဲ့ လာပါတယ်။ သုံးတဲ့လူကတော့ ၁၂ သန်းကျော်ပဲ ရှိသေးတဲ့ email provider ဖြစ်ပါတယ်။
Free Email Provider ဆိုပေမယ့် ဒီ App မှာ သူ့အပိုင်းနဲ့သူ Multi-Level Folders တွေ ၊ Conversation Views ပုံစံတွေ ၊ Drag & Drop ဆွဲထည့်ပြီး စီစဉ်နိုင်မယ့် Inbox ဒီဇိုင်းနဲ့ Filters စနစ်တွေ ထည့်ထားပါတယ်။ Zoho Mail ကလည်း ရုံးသုံး Productivity Suite တွေနဲ့ ချိတ်ဆက်ထားပါတယ်။
(၃) iCloud
Photo: celside-magazine
Apple ရဲ့ Free mail ဝန်ဆောင်မှုဖြစ်တဲ့ iCloud ကို iDevices တွေ ဖြစ်တဲ့ Mac ၊ iPad နဲ့ iPhone users တွေမှာ အများဆုံးသုံးကြပါတယ်။ iCloud ဟာ Cloud service ဖြစ်တဲ့အတိုင်း Apple Services တွေ ဖြစ်တဲ့ Find My iPhone ၊ Photo Stream ၊ Keychain နဲ့ iCloud Drive တို့ကိုလည်း support ပေးထားပါတယ်။ လောလောဆယ် ဒီ ဝန်ဆောင်မှုကို သုံးသူ သန်း ၈၅၀ ကျော်ရှိပြီး macOS နဲ့ iOS တွေမှာ Apple ရဲ့ default mail client အဖြစ် ပါဝင်ပါတယ်။
Apple services တွေရဲ့ ထုံးစံအတိုင်း free ဆိုပေမယ့် အများကြီးမျှော်လင့်လို့တော့ မရပါဘူး။ iCloud သုံးစွဲသူတွေကို free storage 5GB အထိပဲ ပေးထားပြီး အဲ့ဒီ Limit ထဲမှာ မေးလ်နဲ့ပို့တဲ့ စာရွက်စာတမ်းတွေ ၊ ဓါတ်ပုံနဲ့ တခြား ဒေတာတွေလည်း ထည့်တွက်ထားတာပါ။ storage များများ ထပ်လိုချင်ရင်တော့ paid storage ဝယ်ရမှာ ဖြစ်ပါတယ်။
(၄) AOL Mail
Photo: the5thwire
AOL Mail ကတော့ Free Email Services တွေရဲ့ ဘိုးအေကြီးလို့ ဆိုနိုင်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး Gmail ထက် ၁၀ နှစ်နီးပါး သက်တမ်းပိုစောပါတယ်။ တခြား နာမည်ကြီး email providers တွေ ဖြစ်တဲ့ Hotmail ၊ Yahoo Mail တို့ထက် ၃ နှစ် နဲ့ ၄ နှစ်စီ ပိုပြီး ရှေ့ရောက်ပါတယ်။ အရင်ကတော့ AOL Mail ဟာ Email Providers ရွှေခေတ်ရှိခဲ့ပေမယ့် အခုဆို ဒီဝန်ဆောင်မှု သုံးတဲ့သူ ၅ သန်းတောင် မပြည့်ချင်တော့ဘူးလို့ ဆိုပါတယ်။
free service ဖြစ်လို့ စမ်းသုံးကြည့်သင့်တယ်လို့တော့ ပြောချင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ အခုခေတ်မှာ အလုပ်ရှင်တွေဟာ AOL Mail တို့ Hotmail တို့နဲ့ အလုပ်လာလျှောက်တဲ့သူဆို မခန့်ချင်ကြဘူးလို့ ဆိုပါတယ်။ သဘောက သင်ဟာ ၁၉၉၆ မှာ ကျန်ခဲ့တဲ့ ဒိတ်အောက်နေတဲ့လူတစ်ယောက်ဆိုတဲ့ အမြင်ကြောင့်ပါတဲ့။
(၅) ProtonMail
Photo: protonmail
ProtonMail က နူကလီးယားသုတေသနဌာန CERN က သိပ္ပံပညာရှင်တွေ တည်ထောင်ထားတဲ့ End-To-End Encrypted Email စနစ်ဖြစ်ပါတယ်။ ကြားဖြတ် ဖတ်ရှုမရအောင် Encryption နည်း သုံးထားတာဖြစ်လို့ စိတ်အချရဆုံး email services အဖြစ် သတ်မှတ်ထားပါတယ်။ ဒီကုမ္ပဏီကို ၂၀၁၄ ကမှ ဆွစ်ဇာလန်မှာ တည်ထောင်ခဲ့တာ ဖြစ်ပေမယ့် နှစ်အနည်းငယ်အတွင်းမှာကို သုံးစွဲသူ သန်း ၅၀ ကျော်အထိ ရှိလာပါတယ်။
လုံခြုံရေးအားကောင်းတဲ့ email စနစ်အဖြစ် လူသိများလာတာကြောင့်လည်း အခုလို အောင်မြင်လာတာပါ။ နောက်တစ်ချက်ကလည်း ProtonMail ဟာ ဆာဗာထဲ မရောက်ခင် မက်ဆေ့ပါအကြောင်းအရာတွေကို လျှို့ဝှက်ပေးတဲ့ Client-Side Encryption စနစ် သုံးထားတာကြောင့် ကုမ္ပဏီအနေနဲ့ ကိုယ်ပို့လိုက်တဲ့ မက်ဆေ့တွေကို Access လုပ်လို့ ရမှ မဟုတ်ပါဘူး။
ဒါတွေကတော့ Gmail နဲ့ Yahoo တို့အစား သုံးကြည့်သင့်တဲ့ အကောင်းဆုံး Free Email Provider ၅ ခုပဲ ဖြစ်ပါတယ်။
Share