၂၀၀၄ ခုနှစ်လောက်က startup ရယ်လို့ တည်ထောင်ပြီး ၄ လတောင်မကြာခင်မှာပဲ တခြားလုပ်ငန်းကြီးတွေနဲ့ ရင်းနှီးမြှပ်နှံသူတွေက ကုမ္ပဏီကို ဝယ်ချင်လို့ တန်းစီတိုးခဲ့ဖူးပါတယ်။ အဲ့ဒါက Facebook ဆိုတဲ့ လူမှုကွန်ရက်ကုမ္ပဏီလေးပါပဲ။
မတ်ခ်ဇူကာဘတ်ခ်လို့ ပြောလိုက်ရင် Facebook တည်ထောင်သူပဲရယ်လို့ လူအများစုက သိပြီးသားပါ။ လက်ရှိအချိန်မှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၉၃၂ ဘီလီယံတန် လုပ်ငန်းကြီးကို ဦးဆောင်ခဲ့တဲ့ ဇူကာဘတ်ခ်ဟာ ဧရာမလူမှုကွန်ရက်လုပ်ငန်းကြီးရဲ့ ခေါင်းကိုင်ဖခင်ကြီး ဆိုလည်း မမှားပါဘူး။ သူ့အကြောင်းနဲ့ သူတက်ခဲ့တဲ့ လှေကားကို လှမ်းကြည့်ရတာကိုက စိတ်ဝင်စားစရာကောင်းနေပါတယ်။
ငယ်ဘဝ
Photo: mhappen
မတ်ခ်ဇူကာဘတ်ကို ၁၉၈၄ ခုနှစ် မေလ ၁၄ ရက် ၊ နယူးယော့ခ်မြို့ ဝှိုက်ပလိန်းစ်မှာ ဖွားခဲ့တာပါ။ ကမ္ဘာပေါ်က လူသိအများဆုံး CEO ထဲက တစ်ယောက်ဖြစ်လာမယ့်သူဟာ ငယ်ငယ်ကတည်းက ကွန်ပျူတာ Programming ဘက် စိတ်အားထက်သန်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့မိဘတွေကလည်း ပညာတတ်အသိုင်းအဝိုင်းကပါ။ ဇူကာဘတ်ခ် ၁၂ နှစ်သားအရွယ်မှာ ရုံးတွင်း ဆက်သွယ်ရေးစနစ်တစ်ခုအနေနဲ့ သုံးနိုင်မယ့် Zucknet ဆိုတဲ့ စာပို့ပရိုဂရမ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ သွားဆရာဝန်ဖြစ်တဲ့ သူ့အဖေရဲ့ ဆေးခန်းနဲ့ အိမ်နဲ့ ဆက်သွယ်ရာမှာ သုံးဖို့ ဖြစ်ပါတယ်။
ဒီလို ကုဒ်ရေးတတ်အောင် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ သူ့အဖေက သူ့ကို Atari BASIC Programming ရေးနည်း သင်ပေးခဲ့ပါတယ်။ မွေးချင်းမောင်နှမ ၄ ယောက်မှာ တစ်ဦးတည်းသောသားဖြစ်ပြီး အစွမ်းအစပြတာကြောင့် သူ့အဖေက ဇူကာဘတ်ခ်အထက်တန်းကျောင်းသားဘဝမှာ ဆော့ဖ်ဝဲလ် Developer ဒေးဗစ်နယူးမန်းဆိုတဲ့ ကွန်ပျူတာပရိုဂရမ်သင်တန်းဆရာနဲ့ အပ်ပေးခဲ့ပါတယ်။ နောက် နယူးဟမ့်ရှိုင်းယားက ပုဂ္ဂလိကကျောင်းမှာ ထားပြီး ဟားဗတ်မှာ ကျောင်းတက်နိုင်အောင် ပံ့ပိုးပေးခဲ့ပါတယ်။
ဟားဗတ်မှသည် Facebook ဆီသို့
Photo; africatopsuccess
ဉာဏ်ရည်မြင့်ကျောင်းသားတွေချည်း လာစုနေတဲ့ ဟားဗတ်မှာ ဇူကာဘတ်ခ်ဟာ ကွန်ပျူတာ Programming ဘက် တော်တဲ့ထက်တဲ့လူအဖြစ် နာမည်ထွက်ပါတယ်။ ဇူကာဘတ်ခ်ရဲ့ ကောလိပ်ကျောင်းလျှောက်လွှာမှာ ပြင်သစ် ၊ ဟီဘရူး ၊ လက်တင် ၊ ရှေးဟောင်းဂရိ ၊ မန်ဒရင်းတရုတ်စာနဲ့ အင်္ဂလိပ်စကား ရေးနိုင် ပြောနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဟားဗတ်မှာ နှစ်နှစ်လောက်ပဲ ကျောင်းတက်ခဲ့စဉ်အတွင်း CourseMastch လို့ ခေါ်တဲ့ study group တွေ ဖွဲ့အောင် ကူညီပေးမယ့် ပရိုဂရမ်နဲ့ ဓါတ်ပုံတွေကနေ ကြည့်အကောင်းဆုံးလူကို ရွေးနိုင်မယ့် Facemash ဆိုတဲ့ ပရိုဂရမ်တို့ကို ဖန်တီးခဲ့ပါတယ်။
Facemash က နာမည်ကြီးသွားပြီး သုံးစွဲသူများလွန်းလို့ ကျောင်းအင်တာနက် သုံးမရအောင် ဖြစ်သွားကြောင့် ကောလိပ်က ဒီပရိုဂရမ်ကို ဖြုတ်ချခဲ့ပါတယ်။ ဓါတ်ပုံယူသုံးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူ့ကို ပြဿနာလာရှာကြလို့ ဇူကာဘတ်ခ်ဟာ လူသိရှင်ကြား တောင်းပန်ခဲ့ရတယ်လို့ ဆိုပါတယ်။ အစကတည်းက ယဉ်သကိုလို့ ဆိုရမှာပါ။ ၂၀၀၄ ဇန်နဝါရီ ကျောင်းတက်ချိန်မှာ ဇူကာဘတ်ခ်ဟာ ဝက်ဘ်ဆိုက်သစ်တစ်ခုအတွက် ကုဒ်တွေ ရေးပါတော့တယ်။ နောက်လရောက်တော့ The Facebook ဆိုပြီး ဝက်ဘ်ဆိုက်လွှင့်တင်ပါတယ်။
ဝက်ဘ်ဆိုက်လွှင့်တင်ပြီး ၆ ရက်အကြာမှာ ဟားဗတ်က စီနီယာတွေဖြစ်တဲ့ ကင်မရွန်း ဝင်ကဲလ်ဗော့စ် ၊ တိုင်လာ ဝင်ကဲလ်ဗော့စ်နဲ့ ဒိဗ်ရာ နာရန်ဒရာတို့ဟာ HarvardConnection လို့ ခေါ်တဲ့ လူမှုကွန်ရက် တည်ဆောက်ရာမှာ ကူညီမယ်ပြောပြီး အိုင်ဒီယာတွေ ယူသုံးသွားတာကြောင့် မတ်ခ်ဇူကာဘတ်ခ်ကို တရားစွဲခဲ့ပါတယ်။ အမှုမှာ ဇူကာဘတ်ခ် ရှုံးသွားပြီး Facebook ထဲက ရှယ်ယာ ၁.၂ သန်း ပေးဖို့ သဘောတူညီခဲ့ရပါတယ်။
နောက်တော့ Facebook ကို အချိန်ပြည့်အာရုံစိုက်နိုင်ဖို့ ကောလိပ်ကနေ ထွက်ခဲ့ပါတယ်။ ၂၀၀၄ အကုန်မှာ Facebook ဝက်ဘ်ဆိုက်ကို သုံးတဲ့သူဦးရေဟာ ၁ သန်းအထိ ရောက်လာခဲ့ပါတယ်။ Facebook ရဲ့ အလားအလာကို မြင်တဲ့ လုပ်ငန်းရှင်တစ်ဦးက Facebook ထောင်ပြီး ၄ လအကြာမှာ ဒေါ်လာ ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တကယ်တော့ Facebook ကို ဝယ်ဖို့ ကြိုးစားခဲ့တဲ့ ကုမ္ပဏီပေါင်း ၁၁ ခုအထိ ရှိခဲ့ပါတယ်။
Success Story
Photo: lexpress
အနီ/အစိမ်း Color Blind ဖြစ်တဲ့ ဇူကာဘတ်ခ်ဟာ Facebook ရဲ့ logo ကို အပြာရောင်သုံးဖို့ ရွေးချယ်ခဲ့ပါတယ်။ ၂၀၀၅ မှာ လုပ်ငန်းကို အခြေတကျတည်ဖို့ မတ်ခ်ဇူကာဘတ်ခ်ဟာ နာမည်ကျော် Silicon Valley ကို ပြောင်းခဲ့ပါတယ်။ အဲ့ဒီအချိန် Facebook ကို ဝယ်ဖို့ ငွေထုပ်ပိုက်ပြီး လိုက်နေတဲ့ ကုမ္ပဏီတွေ အများကြီးရဲ့ ဖျားယောင်းမှုနဲ့လည်း ကြုံခဲ့တာပါပဲ။ Facebook ဟာ ပထမဆုံး ပြင်ပရင်းနှီးမြှပ်နှံမှုကို Accel Partners ဆီက ရခဲ့ပါတယ်။ ဒေါ်လာ ၁၂.၇ သန်း ဖြစ်ပါတယ်။
ပထမဆုံးအကြိမ် Venture Capital (VC) ဆီက ရင်းနှီးမြှပ်နှံမှုရတဲ့အထိ Facebook ဟာ အမေရိကန်ရဲ့ ထိပ်တန်း Ivy League ကျောင်းသားတွေကိုပဲ ပစ်မှတ်ထားတဲ့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုအဖြစ် ရှိနေသေးတာပါ။ ၂၀၀၅ အကုန်မှာ တခြားကျောင်းတွေက ကျောင်းသားတွေပါ သုံးနိုင်အောင် လုပ်ခဲ့ပြီးနောက် ဝက်ဘ်ဆိုက်သုံးစွဲသူ ၅.၅ သန်း ရှိလာခဲ့ပါတယ်။
၂၀၀၅ ခုနှစ်ကစပြီး Facbeook ဟာ Yahoo ၊ Microsoft စတဲ့ နည်းပညာကုမ္ပဏီကြီးတွေဆီကနေ ဝယ်ဖို့ ကမ်းလှမ်းမှုအမျိုးမျိုး ရခဲ့သလို ၊ တရားရေးပြဿနာတွေလည်း ကြုံခဲ့တာပါပဲ။ Facebook ကို သုံးတဲ့ User Base ကတော့ တဟုန်းထိုးဆိုသလို ထိုးတက်လာခဲ့ပါတယ်။ အသက် ၂၀ အရွယ်က အခန်းဖော်သူငယ်ချင်းတွေဖြစ်တဲ့ အဒူရာဒို ဆေဗာရင်း ၊ အန်ဒရူး မက်စ်ကော်လန် ၊ ဒတ်စတင် မော့စကိုဗစ်နဲ့ခရစ္စဟူးချ်စ်တို့နဲ့တွဲပြီး Facebook ကိုတည်ထောင်ခဲ့တဲ့ မတ်ခ်ဇူကာဘတ်ခ်ဟာ အသက် ၂၃ နှစ်အရွယ်မှာပဲ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်ဒူးကိုယ်ချွန်ဘီလျံနာ ဖြစ်လာခဲ့ပါတယ်။
သူတည်ထာင်ထားတဲ့ Facebook ကလည်း တစ်နှစ်ထက် တစ်နှစ် ပိုပြီး ကြီးကျယ်တိုးတက်လာနေပါတယ်။ ၂၀၂၁ ပထမသုံးလပတ် အချက်အလက်အရ လအလိုက် Facebook သုံးစွဲသူဦးရေဟာ နှစ်အလိုက် ၁၀% တိုးလာပြီး စုစုပေါင်း ၂.၈၅ ဘီလျံခန့် ရှိလာပြီလို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ သုံးလပတ်ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၄၈% အထိ မြင့်တက်ပြီး ဒေါ်လာ ၂၆.၂၇ ဘီလျံအထိ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဝတ်အစားအတွက် ခေါင်းရှုပ်မခံချင်လို့ မီးခိုးရောင်တီရှပ်ဝတ်တဲ့ ၊ ၂၀၁၁ ခုနှစ်က စလို့ သားသတ်လွတ်စားသူ ဖြစ်လာတဲ့ မတ်ခ်ဇူကာဘတ်ခ်ဟာ Facebook မှာ ရှယ်ယာ ၃၇၅ သန်းကျော်ပိုင်ပြီး ဆုံးဖြတ်ပိုင်ခွင့် ၆၀% ကို ကိုင်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အသားတင် ဒေါ်လာ ၁၂၀ ဘီလျံခန့် ချမ်းသာပြီး မသေခင် ပိုင်ဆိုင်မှုရဲ့ ထက်ဝက်ကျော် လှူဒါန်းဖို့အတွက်လည်း Giving Pledge မှာ လက်မှတ်ထိုးထားပါတယ်။
၂၀၁၅ ခုနှစ်မှာ သမီးကြီး Max မွေးပြီးနောက် ဇူကာဘတ်ခ်နဲ့ ဇနီးသည် ပရစ်ဆီလာချန်တို့ဟာ ဘဝတစ်လျှောက်လုံး ပိုင်ဆိုင်မှုရဲ့ ၉၉% အထိ စွန့်လွှတ်လှူဒါန်းသွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၁ မှာမှ အသက် ၃၇ နှစ်ပဲ ရှိသေးတဲ့ သူ့အတွက် ရှေ့ဆက်ရမယ့် ခရီးနဲ့ ဖန်တီးမှုသစ်တွေက အများကြီး ဆီးကြိုနေဦးမှာပါ။
Share