စမတ်ဖုန်း Case တွေ ဘယ်လို သန့်ရှင်းရေး လုပ်ကြမလဲ

ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ဖုန်းတွေဟာ အိမ်သာထိုင်ခုံတွေထက် ညစ်ပတ်တယ်ဆိုတာ သိပါသလား။ လေ့လာမှုတွေအရ ဖုန်းတစ်လုံးဟာ အိမ်သာထိုင်ခုံထက် ရောဂါပိုးအရေအတွက် ၁၀ ဆပို သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

               ရောဂါတွေရဲ့ အစဟာ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းက စတာပဲ မဟုတ်လား။ ကိုယ်သုံးနေတဲ့ ဖုန်း သန့်ရှင်းရေး မလုပ်တာနဲ့ တုပ်ကွေးကနေ ကိုရိုနာဗိုင်းရပ်စ်အထိ ကူးနိုင်တဲ့ အန္တရာယ်ရှိတာကို သတိချပ်သင့်ပါတယ်။ အခုခေတ်မှာ ဖုန်းကို Case တပ်ပြီး သုံးတာ များပါတယ်။ ဒီတော့ ဖုန်းသန့်ရှင်းရေး လုပ်ဖို့ဆို ဖုန်း Case သန့်ရှင်းရေး လုပ်ဖို့ပါ လိုပါတယ်။

               ကိုယ့်ဖုန်းမှာ ကပ်တွယ်နေတဲ့ ရောဂါပိုးတွေကို ဖယ်ရှားပြီး ပိုးသတ်ဖို့ Case အမျိုးအစားအလိုက် သန့်ရှင်းရေးလုပ်တဲ့ နည်းလေးတွေ မျှဝေချင်ပါတယ်။


(၁) ပလတ်စတစ်

image




               ပလတ်စတစ် Case တွေက တခြား စမတ်ဖုန်း Case သားတွေထက် အကြမ်းပိုခံသလို အစွန်းချွတ်သန့်စင်ဆေးရည်လိုမျိုး Cleaning Solutions တွေနဲ့လည်း သန့်ရှင်းရေးလုပ်လို့ ရပါတယ်။ ပုံမှန် အပတ်စဉ် ပိုးသတ်ပြီး သန့်ရှင်းလုပ်နိုင်ပါတယ်။ အစွန်းချွတ်ဆေးတွေ မသုံးချင်ရင် ပန်းကန်ဆေး ဆပ်ပြာသုံးနိုင်ပါတယ်။ အစွန်းချွတ်ဆေး သုံးမယ်ဆိုရင်တော့ လက်တွေ ယားယံနိုင်လို့ လက်အိတ်နဲ့ သုံးဖို့ လိုပါတယ်။

               ပလတ်စတစ် Case တွေ သန့်ရှင်းရေး လုပ်ဖို့ ပန်းကန်ဆေးလက်အိတ် ၊ အစွန်းချွတ်သန့်စင်ဆေးရည် ၊ ရေမြှပ်အဝတ် ၊ သွားတိုက်ဆေး ၊ အဝတ်စ နဲ့ ရေ လိုပါတယ်။ ရေ ၁၆ ဆ နဲ့ အစွန်းချွတ်ဆေး ၁ ဆ ရောစပ်ပြီး ဖုန်းကာဗာ Case ကို ၅ မိနစ်ကနေ ၁၀ မိနစ်ကြာ စိမ်ပေးထားပါ။ Case မှာ စွန်းထင်နေတဲ့ အစွန်းအထင်းတွေက ချွတ်ရခက်နေရင် နည်းနည်းပိုကြာအောင် စိမ်ပေးဖို့ လိုပါတယ်။

               ပြီးရင် ရေမြှပ်နဲ့ ပွတ်တိုက်သန့်ရှင်းရေး လုပ်ပေးရမှာပါ။ အစွန်းအကွက်တွေ ထင်နေရင် သွားတိုက်ဆေးလေး နည်းနည်းသုံးပြီး အဝတ်နဲ့ ပွတ်တိုက်ပစ်နိုင်ပါတယ်။ ပြီးရင် အဝတ်ခြောက်တစ်ထည်နဲ့ သေချာသုတ်ပြီး နာရီဝက်လောက် လေသလပ်ခံပြီး‌ ခြောက်သွေ့အောင် ထားရမှာပါ။ သန့်ရှင်းရေးလုပ်ပြီး နာရီဝက်လောက်ကြာမှ ဖုန်းမှာ ပြန်တပ်ပေးရမှာ ဖြစ်ပါတယ်။


(၂) ရာဘာနဲ့ ဆီလီကွန်




               ပလတ်စတစ်နဲ့ စာရင် ရာဘာနဲ့ ဆီလီကွန်တွေက သိပ်အကြမ်းမခံလို့ ရာဘာ Case တွေ သန့်ရှင်းရေးလုပ်မယ်ဆိုရင် သိပ်ပြင်းတဲ့ Cleaning Solution တွေ သုံးလို့ မရပါဘူး။ ရာဘာ နဲ့ ဆီလီကွန် Case တွေ သန့်ရှင်းရေး လုပ်ဖို့ဆို ပန်းကန်ဆေးဆပ်ပြာ ၊ ရေ ၊ ရေမြှပ်စ/အဝတ်/သွားတိုက်ဆေး သုံးရမှာပါ။ တကယ်လို့ အစွန်းအထင်းတွေ အဝါရောင်အကွက်တွေ ရှိနေတုန်းပဲဆို အစွန်းချွတ်ဖို့ မုန့်ဖုတ်ဆိုဒါ လိုပါတယ်။

               အရင်ဆုံး ပန်းကန်ဆေးဆပ်ပြာ အသင့်အတင့်ကို ရေနွေးခပ်ပူပူတစ်ခွက်ထဲ ရောထည့်ပါ။ ရေမြှပ် ဒါမှမဟုတ် အဝတ်စကိုလည်း ဒီထဲမှာ နှစ်ပေးထားပါ။ ပြီးရင် Case ကို Cleaning Solution ထဲ ထည့်ပြီး အဝတ်စ/ရေမြှပ်နဲ့ ပွတ်ပေးပါ။ အပေါ်မှာလိုပဲ အစွန်းအကွက်တွေ ကျန်ရင် သွားတိုက်ဆေးသုံးပါ။ ဒါမှ မပြောင်ရင် မုန့်ဖုတ်ဆိုဒါကို ရေနွေးနွေးနဲ့ရောပြီး Paste လိုမျိုး စွန်းပေနေတဲ့ နေရာပေါ် ပုံထား ၊ ၅ မိနစ်ကြာမှ ပွတ်တိုက်ပေးရမှာပါ။

               ပြီးရင်တော့ Case ပေါ်မှာ ဆပ်ပြာတွေ ၊ မုန့်ဖုတ်ဆိုဒါတွေ လုံးလုံးမကျန်အောင် ရေနဲ့ သေသေချာချာ ဆေးကြောသန့်ရှင်းပေးရမှာပါ။ နောက် အဝတ်ခြောက်လေးနဲ့သုတ် ၊ လေသလပ်ခံ ၊ နာရီဝက်ထားပြီးမှ ဖုန်းမှာ တပ်ဆင်နိုင်ပါတယ်။ ဒီနည်းကိုလည်း အပတ်စဉ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။


(၃) သစ်သား




               သစ်သား Case ကတော့ အရည် Liquid ပါတဲ့ Cleaning Solution နဲ့ သန့်ရှင်းရေးလုပ်ပေးရင် ပွတာ ၊ ကျုံ့တာတွေ ဖြစ်ပြီး ပျက်စီးနိုင်ပါတယ်။ ဗင်နီကာရည် သုံးရင်တော့ ရပါတယ်။ သစ်သားဖုန်း Case ကို သန့်ရှင်းရေး လုပ်ဖို့အတွက် ရေ ၊ ဗင်နီကာ ၊ ပန်းကန်ဆေးဆပ်ပြာ (မရှိမဖြစ်မဟုတ်) ၊ စပရေးဗူး နဲ့ အဝတ်စတို့ လိုပါတယ်။

               Spray ဗူးထဲမှာ ရေနှစ်ဆ ၊ ဗင်နီကာတစ်ဆ ရောထည့်ပေးထားရပါမယ်။ သစ်သား Case ပေါ် စွန်းပေနေတဲ့နေရာတွေကို ရေနဲ့ဗင်နီကာရောထားတဲ့ အရည်တွေ ဖြန်းပေးရမှာပါ။ ပြီးရင် အဝတ်ခြောက်နဲ့ လိုက်သုတ်ပေးရမှာ ဖြစ်ပါတယ်။ စပရေးဖြန်းရင် သစ်သားပေါ် ရေအရမ်းမစိုအောင်လည်း ဂရုစိုက်ရမှာပါ။ အစွန်းအထင်းတွေ ပြောင်စင်သွားတဲ့အထိ စပရေးဖြန်းလိုက် အဝတ်နဲ့သုတ်လိုက် လုပ်ပေးရမှာပါ။


(၄) လယ်သာ




               လယ်သာ ဖုန်း Case တွေက ဈေးမြောက်ပါတယ်။ ဈေးမြောက်ပေမယ့် အကြမ်းပတမ်း အသုံးမခံပါဘူး။ လက်ဆီဆိုလည်း ပေလွယ်ပါတယ်။ နေရောင် ၊ အပူနဲ့ စိုထိုင်းတာတွေ အစွန်းအထင်းတွေလည်း အထိမခံနိုင်ပါဘူး။ တစ်ခါလောက် စွန်းပေသွားရင် အတော်လေး ချွတ်ယူရပါတယ်။ အကောင်းဆုံးက Leather Cleaner သုံးတာပါပဲ။ Leather Cleaner သုံးမယ်ဆိုရင် တစ်ခု သိထားရမှာက တစ်ခါတစ်လေ ဖုန်းလယ်သာ Case ရောင် နည်းနည်းပြောင်းသွားတတ်ပါတယ်။

               Leather Case တွေ သန့်ရှင်းရေးလုပ်မယ်ဆိုရင် ရေ ၊ အပျော့စား လက်ဆေးဆပ်ပြာ ၊ အဝတ်နဲ့ Leather Conditioner (Optional) လိုပါတယ်။ ရေခပ်နွေးနွေးနဲ့ Hand Soap ကို ခွက်တစ်လုံးထဲ ရေထည့်ပါ။ အချိုးအဆမှန်ဖို့တော့ လိုပါတယ်။ ဒီအရည်ကို Case ပေါ်မှာ တိုက်ရိုက်ဆွတ်ပြီး သုံးလို့ မရပါဘူး။ အဝတ်စကို ရေမှာ နှစ်ပြီး အရည်ညှစ်ချလိုက်ရမှာပါ။ ခပ်စိုစိုဖြစ်သွားမှ Case ကို သုတ်ပေးရမှာပါ။

               ပြီးရင် အဝတ်ခြောက်နဲ့ ရေတွေ လိုက်သုတ်ရမှာပါ။ အရောင်ထွက်ကောင်းချင်ရင် Leather Conditioner သုံးနိုင်ပါတယ်။ Leather Case တွေဟာ တိုက်ရိုက်နေရောင်အောက်နဲ့ စွတ်စိုနေတဲ့နေရာတွေမှာ မထားဖို့ လိုပါတယ်။ ဒီ Cleaning Tips လေးကို တစ်လတစ်ကြိမ်လောက် ပုံမှန်လုပ်ပေးဖို့လည်း အကြံပြုချင်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က