• Featured

    အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သွားစေနိုင်တဲ့ အမူအကျင့် (၇) ခု

မြန်မြန် အိုမင်းရင့်ရော်စေတဲ့ အပြုအမူတွေကို မပြုမူမိအောင် ဂရုစိုက်ပါနော်။

ကိုယ့်ကို အိုမင်းရင့်ရော်သွားစေနိုင်တဲ့ အပြုအမူတွေဟာ ဘာတွေလဲဆိုတာကို မသိဘဲ နေ့စဉ်လိုလို ပြုမူနေမိပြီဆိုရင် အချိန်တိုအတွင်းမှာ အသက်အရွယ်ထက်ပိုပြီး ရုပ်ကို အိုမင်းသွားစေနိုင်ပါတယ်။ အလှအပကို ချစ်မြတ်နိုးကြတဲ့ မဒီလေးတွေအတွက် အချိန်နဲ့ အမျှ နုပျိုအရွယ်တင်နေအောင်လို့ ဘယ်လိုအပြုအမူတွေကို ရှောင်ကြဉ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

၁။ Sunscreen မလိမ်းခြင်း 

ပထမဦးဆုံးအနေနဲ့ ပြောပြပေးချင်တာကတော့ sunscreen အကြောင်းပဲ ဖြစ်ပါတယ်။ မဒီလေးတို့ရဲ့ အသားအရေတွေကို ပျက်စီးစေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ဖို့အတွက် sunscreen ကို မဖြစ်မနေ လိမ်းပေးဖို့ လိုအပ်ပါတယ်။ Sunscreen ကို လိမ်းတဲ့နေရာမှာလည်း လုံလောက်တဲ့ ပမာဏဖြစ်ဖို့ သတိချပ်စေချင်ပါတယ်။ အသားဖြူတဲ့မဒီလေးတွေအတွက် sunscreen ကို SPF 30+ လောက် လိုအပ်သလို အသားအရောင်ညိုတဲ့ မဒီလေးတွေကတော့ SPF 15+ လောက် လိုအပ်တယ်လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ အသားအရေတွေ ပျက်စီးတာမျိုးမဖြစ်အောင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုးတွေ မဖြစ်ရလေအောင် sunscreen ကို ဥတုသုံးပါးလုံး လိမ်းပေးဖို့ တိုက်တွန်းပါရစေ။ 

Sunscreen မလိမ်းဘူးဆိုရင် ဘယ်လိုအိုမင်းရင့်ရော်သွားစေနိုင်တာလဲဆိုတာကို ဒေါက်တာ စိမ့်စမ်းဖြူက ခုလို ပြောပြပါတယ်။ 

“ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ဖို့ လိုတယ်။ ခရမ်းလွန်‌ရောင်ခြည်တွေက အရေပြားကင်ဆာကို ဖြစ်စေတယ်။ အသားအရောင် ညိုညစ်တာတွေ၊ တင်းတိတ်၊ ဝက်ခြံထွက်တာတွေ ကို ပိုဖြစ်စေတယ်။ အသားအရေ ခြောက်သွေ့တာတွေ ဖြစ်လာနိုင်တယ်။ အသားအရေတွေ လျော့ရဲလာတယ်။ အဲဒီတော့ နေပူထဲကို ထွက်မယ်၊ အပြင်ထွက်မယ်ဆိုရင် uv ray ကို ကာကွယ်တဲ့ sunscreen တွေကို လိမ်းပေးဖို့ လိုအပ်တယ်။ လိမ်းတဲ့နေရာမှာလည်း sunscreen တွေကို လုံ‌ေလာက်တဲ့ SPF ပါဝင်အောင် လိမ်းဖို့ လိုအပ်တယ်။ ကိုယ့်ရဲ့ အသားအရေအပေါ်လည်း မူတည်တယ်။ လုံလောက်တဲ့ SPF ပါတဲ့ sunscreen မျိုးကို နေပူထဲ မထွက်ခင် လိမ်းပေးဖို့ လိုတယ်။ နေမပူဘူး၊ မိုးအုံ့နေတယ် ၊ ဆောင်းတွင်းမို့ နေရောင်ခြည်မရှိဘူးဆိုပြီးတော့လည်း sunscreen မလိမ်းကြဘူး။ တကယ်တော့ ကိုယ်ကသာ မမြင်ရတာ ဒီ uv rayတွေက လေထုထဲမှာ ရှိနေတယ်။ နေပူသည်ဖြစ်စေ၊ နေမပူသည်ဖြစ်စေ sunscreen လိမ်းပါ။ လိုအပ်ရင် ထီးတို့ ဦးထုပ်တို့ ဆောင်းပါ။”  

၂။ညစ်ပေကျံနေတဲ့ ခေါင်းအုံးကို အသုံးပြုခြင်း 

နေ့စဉ် အသုံးပြုနေတဲ့ ခေါင်းအုံးက ညစ်ပတ်ပေကျံနေမယ်ဆိုရင်လည်း ဒါက ကိုယ့်ကို အိုမင်းရင့်ရော်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ညစ်ပတ်ပေကျံနေတဲ့ ခေါင်းအုံးဟာ ဘက်တီးရီးယားပိုးမွှားတွေကို အမြောက်အမြားပေါက်ဖွားစေတဲ့အတွက် အသားအရေကျန်းမာရေး နဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း အများကြီး ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အနည်းဆံုးတော့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ လျှော်ဖို့ မမေ့ကြပါနဲ့နော်။ 

၃။အသင့်စားအစားအသောက်တွေ အစားများခြင်း 

မိန်းကလေးဆိုတော့ သွားရေစာ စားရတာကြိုက်တာ မဆန်းပါဘူးနော်။ ဒါပေမယ့်လည်း သွားရေစာဆိုပြီး အသင့်စားအစားအအစာတွေ အစားများနေမယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကိုယ့်ကိုယ်လည်း ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းရင့်ရော်သွားစေနိုင်ပါတယ်။ 

အသင့်စားအစားအစာတွေက ဘာ့ကြောင့် အိုမင်းရင့်‌‌ရော်စေတာလဲဆိုတာကို ဒေါက်တာ စိမ့်စမ်းဖြူက ခုလို ပြောပြထားပါတယ်။ 

“ ဘာဂါတို့ ၊ အာလူးကြော်တို့ စတဲ့ အသင့်စားအစားအစာတွေက လိုအပ်တဲ့ အာဟာရဓာတ်တွေ လုံလုံလောက်လောက် မပါသလို လတ်ဆတ်မှုလည်း မရှိဘူး။ တာရှည်ခံဓာတုဆေးတွေ သုံးထားတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွက် အသားအရေအတွက် လုံလောက်တဲ့ အာဟာရဓာတ်တွေ မရသလို ပိုပြီးတော့လည်း ပျက်စီးလွယ်တယ်။ အဲဒါတွေ စားမယ့်အစား သန့်ရှင်းလတ်ဆတ်တဲ့ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ကိုယ့်ဘာသာကိုယ် ချက်ပြုတ်ပြင်ဆင်ပြီးတော့ စားသင့်တယ်။ ကိုယ်စားတဲ့ အစားအသောက်ကလည်း ကိုယ့်ရဲ့ အသားအရေပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်။”  

၄။တစ်နေ့တာအစကို ကော်ဖီနဲ့ စတင်ခြင်း 

မနက်နိုးတာနဲ့ တစ်နေ့လုံး လန်းဆန်းတက်ကြွနေအောင်ဆိုပြီး ကော်ဖီသောက်တာကို အကျင့်လို စွဲနေပြီဆိုရင်လည်း ဖြတ်လိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ မနက်ခင်းကို ကော်ဖီနဲ့ အစပြုတာက ကျန်းမာရေးအတွက် မသင့်တော်သလို ကိုယ့်ကိုယ်လည်း ပိုပြီး အိုမင်းရင့်ရော်လာစေပါတယ်။ မနက်စာကို အာဟာရပြည့်ဝတဲ့ အစားအစာတွေနဲ့ စတင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် မနက်ခင်းကို ကော်ဖီသောက်ကို သောက်ရမှ ဆိုရင်လည်း အာဟာရပြည့်ဝတဲ့ မနက်စာကို အစာအိမ်ထဲ ထည့်ပြီးမှ သောက်ပါနော်။ 

www.achn.net

၅။အိပ်ချိန်လုံလောက်စွာမရှိခြင်း 

ခုနောက်ပိုင်းမှာ မဒီတို့ အိပ်ချိန်နောက်ကျတာ ၊ တစ်ညလုံး အိပ်မပျော်တာတွေ အရမ်းဖြစ်နေတယ်လို့ ကြားရပါတယ်။ အိပ်ချိန်လုံလောက်ဖို့ လိုပါတယ်နော်။ အိပ်ချိန်လုံလုံလောက်လောက်သာ မရှိဘူးဆိုရင် ကိုယ့်ရဲ့ အလှအပကို ထိခိုက်စေနိုင်သလို မြန်မြန်အိုမင်းရင့်ရော်လာစေနိုင်ပါတယ်။ ည ၁၀ နာရီက‌နေ ၂ နာရီအထိဟာ ခန္ဓာကိုယ်နဲ့ အသားအရေတွေ ပြုပြင်ပြောင်းလဲနေတဲ့ အချိန်ဖြစ်တာကြောင့် အဲဒီအချိန်တွေမှာ အိပ်စက်နေခဲ့မယ်ဆိုရင် အသားအရေတွေ ပိုမိုကောင်းမွန်လာပြီး နုပျိုလှပလာမှာပါ။ 

အိပ်စက်ခြင်းဟာ မဒီတို့အလှအပအတွက် ဘယ်လောက်ထိ အထောက်အကူပြုသလဲဆိုတာကို ဒေါက်တာ စိမ့်စမ်းဖြူက ပြောပြထားပါတယ်။ 

“အိပ်စက်တဲ့ နာရီ လုံလုံလောက်လောက် မရှိရင် အိုမင်းရင့်ရော်လွယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်ပြီဆိုရင် ခန္ဓာကိုယ်က ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတွေ အကုန်လုံးလုပ်တယ်။ အထူးသဖြင့် အရေပြားတွေမှာဆို ပိုသိသာတယ်။ ည ၁၀ နာရီ ကနေ ၂နာရီထိ မအိပ်ထားဘူးဆိုရင် သူက ပြင်စရာရှိတာမပြင်တော့ဘူး။ နေ့ခင်းဘက်မှာလည်း နေရောင်ခြည်ထိ၊ ဖုန်ထိ၊ လေထုညစ်ညမ်းတာတွေကြောင့် အသားအရေတွေက ထိခိုက်ထားတယ်။ ပြန်ပြီးတော့လည်း ပြင်ဆင်ချိန်ကလည်း မရဘူးဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းရင့်ရော်လွယ်တယ်။” 

၆။မိတ်ကပ်မဖျက်ဘဲ အိပ်ခြင်း 

အလုပ်ကနေ ပြန်လာလို့ အရမ်းပင်ပန်းနေပြီး မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်မယ်လေဆိုတာမျိုးတွေလည်း လုံးဝ မလုပ်မိပါစေနဲ့နော်။ မိတ်ကပ်တွေကို သေချာပြောင်စင်အောင် ဖျက်ပြီးမှ အိပ်သင့်ပါတယ်။ မိတ်ကပ်ဖျက်တဲ့အခါမှာ ချွေးပေါက်တွေထိ ပြန်ပြီး သန့်စင်ပေးဖို့ အမြဲသတိရပါ။ မိတ်ကပ်တွေ မဖျက်ဘဲ အိပ်စက်တာ ရက်စိပ်လာပြီဆိုရင် ချွေးပေါက်တွေမှာ အညစ်အကြေးတွေ ပိတ်ပြီး အသားအရေကို ညိုညစ်လာစေသလို ရုပ်ကိုလည်း အိုမင်းရင့်ရော်လာစေပါတယ်။ 

grmedcenter.com

၇။ရုပ်ပိုင်းဆိုင်ရာဖိစီးမှု ၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများနေခြင်း 

Stress တွေကလည်း လူကို အိုမင်းရင့်ရော်စေတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုဆိုတာကတော့ နေပူကြီးထဲမှာ သွားလာလှုပ်ရှားနေရတဲ့သူတွေ ဖြစ်တတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖိစီးမှုဟာ အသားအရေကို ကြမ်းတမ်းရင့်ထော်သွားစေနိုင်တဲ့အတွက် လူကိုလည်း အိုမင်းရင့်ရော်လာစေပါတယ်။ ထို့အတူပါပဲ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေဖြစ်တဲ့ စိတ်ဓာတ်ကျနေတာတွေ၊ စိတ်ညစ်နေတာတွေကလည်း လူကို ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းရင့်ရော်သွားစေနိုင်တဲ့အပြင် စိတ်ဖိစီးမှုတွေကပေးတဲ့ ကျန်းမာရေးဆိုးကျိုးတွေလည်း များပြားလှပါတယ်။ အသားအရေကို ထိန်းသိမ်းတဲ့ နည်းလမ်းအချို့ကလည်း စိတ်ဖိစီးမှုကို လျော့ကျစေတာမို့ စမ်းသပ်ပြုလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ရုပ်ကော စိတ်ကိုပါ ကြည်လင်ပေါ့ပါးပြီး ပျော်ရွှင်တဲ့ ဘဝနေထိုင်နည်းတွေအတိုင်း လိုက်နာနေထိုင်မယ်ဆိုရင်တော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ မရှိတော့ဘဲ နုပျိုလှပနေမှာ ကျိန်းသေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က