လေးဘက်နာရောဂါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ရောဂါတွေထဲမှာ ပါဝင်ပါတယ်။

လေးဘက်နာရောဂါဟာ သာမန်အရိုးအဆစ်ရောဂါတွေနဲ့မတူဘဲ ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ အရိုးအဆစ်များကို ဒုက္ခပေးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

Photo: Medical News Today

ခဏတာဖြစ်ပွါးတဲ့ရောဂါမဟုတ်ဘဲ မကြာခဏပြန်ဖြစ်လေ့ရှိတဲ့ ရောဂါမျိုးလည်းဖြစ်ပါတယ်။ လေးဘက်နာရောဂါဟာ အမျိုးမျိုးရှိပြီး အဖြစ်များလေ့ရှိတဲ့ ရောဂါတွေကတော့ အရေပြားလေးဘက်နာ၊ သွေးလေးဘက်နာနဲ့ နှလုံးလေးဘက်နာတို့ပဲဖြစ်ပါတယ်။ ဖြစ်ပွါးတဲ့လက္ခဏာတွေကတော့ အများဆုံးဆင်တူလေ့ရှိပါတယ်။ လေးဘက်နာ ရောဂါဟာအမျိုးများစွာ ရှိတဲ့အတွက် မိမိခံစားရတဲ့ဝေဒနာကို သေချာသိဖို့ လိုအပ်ပါတယ်။ ကုသပုံမှာလည်း လေးဘက်နာ တစ်မျိုးနဲ့တစ်မျိုးမတူညီတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ဖြစ်ပွါးတဲ့ရောဂါနဲ့ ကုသမှုတစ်ထပ်တည်းကျအောင် အဖြစ်များလေ့ရှိတဲ့ လေးဘက်နာအကြောင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Photo: Blue Ridge

အရေပြားလေးဘက်နာ

အရေပြားလေးဘက်နာ ရောဂါဟာ အရိုးအဆစ်တွေသာမက ခန္ဓာကိုယ်အနှံ့ရောင်ယမ်းတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ တစ်ကိုယ်လုံးယောင်ရမ်း ကိုက်ခဲတဲ့ရောဂါဖြစ်တဲ့အတွက် နောက်ဆက်တွဲပြဿနာတွေအဖြစ် ကျောက်ကပ်ရောင်တာ၊ နှလုံးနဲ့ အဆုတ်ရောင်ရမ်းခြင်းနဲ့ ဦးနှောက်ရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်တတ်ပါတယ်။ အရေပြားလေးဘက်နာ လက္ခဏာတွေမှာ လက်ဆစ်များရောင်ရမ်းကိုက်ခဲခြင်း၊ ခြေတွေလက်တွေ တင်းပြီး ကွေးဆန့်ဖို့ ခက်ခဲခြင်း၊ ရေကိုင်များတဲ့အခါ ခြေလက်တွေကိုက်ခဲခြင်းနဲ့ ကိုယ်ဝန်မကြာခဏပျက်ကျတတ်တဲ့လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။ သက်လတ်ပိုင်း အမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး သေချာကုသမှုမခံယူပါက ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်တတ်ပါတယ်။

Photo: Everyday Health

သွေးလေးဘက်နာ

သက်ကြီးပိုင်းတွေမှာ အဖြစ်များလေ့ရှိပြီး လက်ဆစ်များကောက်ကွေးနေတဲ့ ရောဂါအစမှာ သွေးလေးဘက်နာပဲဖြစ်ပါတယ်။ သွေးလေးဘက်နာက မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ပွါးတတ်သလို တခြားပိုးများဝင်ရောက်ခြင်းကြောင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ လက်ဆစ်များရောင်ရမ်းကိုက်ခဲခြင်း၊ ခြေတွေလက်တွေတင်းပြီး ကွေးဆန့်ဖို့ ခက်ခဲခြင်းနဲ့ လက်ဆစ်တွေ တံတောင်ဆစ်တွေမှာ အဖုအလုံးတွေပေါ်ထွက်လာခြင်း၊ လက်များထုံကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ သွေးလေးဘက်နာဟာ အရိုးအဆစ်တွေသာမက ခန္ဓာကိုယ်ရှိ ကြွက်သားများ၊ အရွတ်များနဲ့ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

Photo: Healthline

နှလုံးလေးဘက်နာ

နှစ်လုံးလေးဘက်နာက ဆယ်ကျော်သက်လူငယ်တွေမှာ အဖြစ်များလေ့ရှိပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ ဖျားတယ်၊ လည်ချောင်းနာတယ်၊ ခြေလက်ကိုက်ခဲတဲ့ဒဏ်တွေ၊ ရင်တုန်ခြင်းနဲ့ အသက်ရှုမဝတဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ နှလုံးလေးဘက်နာက လည်ချောင်းနာခြင်းကနေစပြီး လည်ချောင်းနာတာကို သေချာမကုသမိရကနေ ဖြစ်ပေါ်လာတဲ့ရောဂါပါ။ လေးဘက်နာရောဂါထဲမှာ အဖြစ်များလေ့ရှိတဲ့ရောဂါလည်းဖြစ်ပါတယ်။ ဒီရောဂါဟာ စနစ်တကျကုသမှုမခံယူရင် အဆစ်တွေယောင်တာ၊ နာတာအပြင် ရေရှည်မှာ နှလုံးအဆို့ရှင်တွေပျက်စီးတဲ့ အနေအထားထိရောက်ရှိနိုင်ပါတယ်။ ဒါ့ကြောင့်လိုအပ်တဲ့ ဆေးဝါးကုသမှုတွေအပြင် အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ရောဂါပိုးပြီးမပြင်းထန်လာအောင် ကာကွယ်ဖို့လိုအပ်ပါတယ်။

လေးဘက်နာရောဂါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေကလည်း အခြားသောရောဂါလက္ခဏာတွေမှာ တွေ့ရနိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။ လေးဘက်နာရောဂါဟာ အသက်အန္တရာယ်ရှိတဲ့အတွက် အိမ်တွင်းကုထုံးနည်းလမ်းတွေနဲ့ ကုသလို့မရနိုင်ပါဘူး။ သေချာစစ်ဆေးကုသမှုခံယူမှသာ ရောဂါသက်သာမှာဖြစ်သလို ဆိုးရွားတဲ့ဝေဒနာကိုထပ်ပြီးမခံစားရမှာဖြစ်ပါတယ်။ လေးဘက်နာရောဂါဟာ အမျိုးသမီးအများစုမှာဖြစ်ပွါးတက်ပါတယ်။ လေးဘက်နာရောဂါရှိပြီဆိုတာနဲ့ နှလုံးကျန်းမာရေးကိုပါ အထူးဂရုစိုက်ပါ။ နာတာရှည် ရောဂါမျိုးဖြစ်တဲ့အတွက် ဆေးထိုး၊ဆေးမှန်သောက်ဖို့ အရေးကြီးတယ်လို့ ဒေါက်တာ စိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က