ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ရိုဒရီဂိုက ဒီရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမှာ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီနှစ်သင်းက နှစ်ကျော့စလုံး သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိ ခံယူခဲ့ရတာပါ။

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ရီးရဲလ်မက်ဒရစ်က အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်သွားခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာတော့ ရီးရဲလ်က ဘိုင်ယန်မြူးနစ်ကို ထပ်မံကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ဖိုင်နယ်အဖြစ် ဒေါ့မွန်နဲ့ ရင်ဆိုင်ကစားရမှာပါ။ ဒီပွဲမတိုင်ခင်မှာ ရိုဒရီဂိုက ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ခဲ့တဲ့ မန်စီးတီးနဲ့ ပတ်သက်လို့ အခုလိုမျိုးပဲ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ရိုဒရီဂိုက “အရိုးသားဆုံးပြောရရင် မန်စီးတီးက ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူတို့အသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းပါပဲ။ ဘောလုံးကို အကောင်းဆုံး ကစားနိုင်တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်” လို့ ချီးကျူးပြောကြားလိုက်ပါတယ်။
ရိုဒရီဂိုဟာ မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကစားသမားပါ။ ဒါပေမယ့်လည်း သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ အခုချိန်အထိ တိကျမှု တစ်စုံတစ်ရာမရှိသေးဘဲ ကစားသမားအနေနဲ့ ပွဲထွက်ခွင့် အာမခံချက်မရှိရင်တော့ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာသွားနိုင်ပါတယ်။